စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ညောင်ပင်တဲကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် အမျိုးသား ၁ ယောက်ကို သတ်ဖြတ်ခဲ့သလို အရပ်သားပြည်သူပိုင် နေအိမ် ၁၁၈ လုံးနဲ့ စပါးတင်း ၂,၀၀၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီကျော်လောက်က ချောင်းဦးမြို့က ကင်မွန်းတော်ပျူစခန်းကို ရိက္ခာပို့လာတဲ့ စစ်ကြောင်းဟာ ညောင်ပင်တဲကျေးရွာကို ဝင်ရောက် စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။
စစ်ကြောင်းဝင်ရောက်ပြီးနောက်မှာ ညောင်ပင်တဲရွာက အသက် ၅၅ နှစ်အရွယ် ဦးဇော်ဝင်းဟာ စစ်ကြောင်း ရွာထဲက ထွက်ခွာသွားပြီလားဆိုတာကို သွားကြည့်တဲ့အချိန် စစ်သားတွေနဲ့တွေ့ပြီး ဖမ်းဆီးခံရပြီးနောက် ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ချောင်းဦးပကဖ အဖွဲ့ တာဝန်ခံ ကိုဖီးနစ်က “စစ်ကြောင်း ရွာထဲက ထွက်သွားပြီဆိုတာ သိတာနဲ့ ရွာထဲကို အပြေးဝင်ကြည့်ကြတော့ အကုန်လုံးက မီးလောင်ပြင်ကြီးဖြစ်နေပြီ။ စပါးတင်းတွေဆို ဘာမှရစရာ မရှိတော့ဘူး။ အဲစပါးတင်းတွေကို ပြန်ကြိတ်ပြီး စားလို့မှ ရရ ဆိုပြီး ကောက်ယူထားကြသေးတာ။ မြင်ရတာ အတော်ဝမ်းနည်းဖို့ ကောင်းပါတယ်ဗျာ” လို့ ပြောပါတယ်။
စစ်သားတွေဟာ ရွာထဲရှိ ကျွဲ၊ နွားတွေကိုလည်း သတ်ဖြတ်စားသောက်ခဲ့ပြီး စစ်ကြောင်းထွက်ခွာချိန်မှာ မီးစက်တွေနဲ့ မြေဩဇာအိတ်တွေကိုပါ မီးရှို့ဖျက်ဆီး သွားခဲ့သေးတယ်လို့ သိရပါတယ်။
အိမ်ခြေ ၂၅၀ ဝန်းကျင်ရှိတဲ့ ညောင်ပင်တဲကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့လို့ အိမ်ခြေ ၁၁၈ လုံး မီးလောင်ပျက်စီးသွားပြီး ပြည်သူ အယောက် ၁၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Khin Mon Revolution က တာဝန်ခံတယောက်က “ဒီစစ်ကြောင်းက ဒီဇင်ဘာ ၁၃ ရက်နေ့ ကတည်းက ထိုးနေတဲ့စစ်ကြောင်း။ ပျူရွာကို ရိက္ခာပို့ဖို့ ထိုးလာတာ။ မထိုးခင် ၁၂ ရက်နဲ့ ၁၃ ရက်နေ့က ခင်မွန်၊ အောင်ချမ်းသာရွာတွေဆီက ပြည်သူတွေ အယောက် ၇၀ ကျော်လောက်ကို လူသားဒိုင်းကာအဖြစ် ဖမ်းသွားသေးတယ်။ အခုထိ အဲဒီ ဖမ်းဆီးသွားတဲ့သူတွေ ပြန်မလွတ်ကြသေးဘူး” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်တဲ့အတွက် ချောင်းဦးမြို့နယ်က မယ်သဲကြိုး၊ ထူးနီ၊ ညောင်ပင်တဲ၊ ပေါက်ပင်၊ ရှမ်းထူး၊ တောင်ဖီလာ၊ ကုလားကြီး(ရွာသစ်) ကျေးရွာတို့က အရပ်သားပြည်သူ ၇,၀၀၀ ကျော် ဘေးလွတ်ရာတွေဆီ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။