တနင်္သာရီတိုင်း၊ မြိတ်မြို့အဝင် ကျောက်ဖြူတောင်လမ်းဆုံ စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၂၁ ရက် နေ့လယ်လောက်က ကားပေါ်ပါလာတဲ့ လက်လုပ်မိုင်း ၂ လုံး တွေ့ရှိလို့ ယာဉ်မောင်းတဦးနဲ့ စပယ်ယာတဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ခရီးသည်ကားကိုပါ သိမ်းဆည်းထားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရတဲ့ကားမှာ တနင်္သာရီမြို့နယ်ကနေ မြိတ်မြို့ကို ထွက်ခွာလာတဲ့ ခရီးသည်ကားတစီးဖြစ်ပြီး ကားမှာတင်ဆောင်လာတဲ့ ဆောင်းဘောက်ထဲမှာ ထည့်ထားတဲ့ လက်လုပ်မိုင်း ၂ လုံးကို တွေ့ရှိခဲ့လို့ ဖမ်းဆီးလိုက်တာလို့ စစ်ကောင်စီရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။
ဒေသခံပြည်သူတဦးက “တကယ်တော့ ကျောက်ဖြူတောင်ဂိတ်မှာတည်းက ဖမ်းလို့မိတာကို ရုတ်ရုတ်သဲသဲ ဖြစ်ကုန်မှာစိုးလို့ မြို့ထဲ အဝေးပြေးကားဝင်းဘက်ကဂိတ်ကို မောင်းခိုင်းပြီးတော့ ရောက်မှ ဖမ်းတာပါ။ ကားကိုတော့ အဝေးပြေးကားဝင်းနားမှာ ချထားတဲ့ စစ်ဆေးရေးဂိတ်မှာ သိမ်းဆည်းထားပြီး လူတွေကိုတော့ ဖမ်းဆီးသွားတယ်” လို့ ပြောပါတယ်။
အခုလို လက်လုပ်မိုင်းနှစ်လုံး တွေ့ရှိပြီးနောက် စစ်ကောင်စီက မြိတ်မြို့တမြို့လုံးရှိ လမ်းဆုံလမ်းခွတွေမှာ စစ်ဆေးနေပြီး ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အရပ်သားတွေလည်း ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက “စစ်ဆေးတာကတော့ နေရာအနှံ့ပဲ့။ မီးပွိုင့်လမ်းဆုံတွေမှာလည်း အနည်းဆုံး စစ်သား ၂ ယောက်စီရှိတယ်။ စစ်သားတွေထဲမှာလည်း ကြည်းတပ်အပြင် လေတပ်၊ ရေတပ်က တပ်သားတွေလည်း ပါတယ်။ ဆိုင်ကယ်နှစ်ယောက်စီးလို့ ဖမ်းဆီးခံရတဲ့ အရပ်သားတွေလည်း ရှိတယ်။ တချို့ကလည်း ပိုက်ဆံနဲ့လာထုတ်ပြီး ပြန်လွတ်လာတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ယာဉ်မောင်းနဲ့ စပယ်ယာကို စစ်ကောင်စီက ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာနဲ့ အဲဒီနေ့က ဖမ်းဆီးခံရတဲ့ အရပ်သား အရေအတွက် အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မြို့ခံတဦးက “အဲ့နေ့က လူကြီးလမ်းကြောင်းရှိနေတာ။ ထူးထူးတိုးစက်ရုံဘက်ကို သွားတယ်လို့လည်း ပြောတယ်။ သူတို့က လူကြီးလမ်းကြောင်းရှိတဲ့နေ့ဆို လူကြီးသွားမယ့် လမ်းကြောင်းနေရာတွေမှာ ဆိုင်ကယ်ဦးထုပ်တွေဖမ်းတာ။ ရွှေပြည်တန်၊ တိုးချဲ့လမ်းတွေမှာ အစောင့်တွေချထားတယ်။ အဲနေ့မှာ ဗုံးမိတာပါ တိုက်ဆိုင်သွားတော့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပေါ့” လို့ ပြောတယ်။
အရင်ကလည်း မြိတ်မြို့မှာ ခရီးသည်ကားတစီးပေါ်မှာ ဒရုန်း ၂ စင်း တွေ့လို့ဆိုပြီး ခရီးသည်ကားကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်သလို ကားပိုင်ရှင်လင်မယား ၂ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထောင်ချလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။