မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ တာဆောင်ယမ်းမြို့နယ်ရှိ မယ်လ ဒုက္ခသည်စခန်းကို ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ မြို့လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မြို့အာဏာပိုင်တွေ ပူးပေါင်းပြီး လုံခြုံရေးလှည့်လည် စစ်ဆေးမှုတွေ တင်းကျပ်ပြုလုပ်နေပါတယ်။
မယ်လ ဒုက္ခသည်စခန်းဟာ ထိုင်းနိုင်ငံမှာ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ပြီး လူပေါင်း သောင်းနဲ့ချီနေထိုင်ခိုလှုံနေတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။
ဒုက္ခသည်စခန်းမှာ အိမ်ငယ်လေးတွေနဲ့ ပြွတ်သိပ်နေထိုင်ကြပြီး မီးဘေး၊ မူးယစ်ဆေးနဲ့ လူကုန်ကူးတာတွေလည်းရှိကာ ထိုင်းအာဏာပိုင်တွေ မကြာမကြာ စစ်ဆေးလေ့ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြန်မာနယ်စပ်နဲ့နီးစပ်တဲ့ တာဆောင်ယမ်းမြို့မှာ လူကုန်ကူးတာတွေ၊ မော်တော် ဆိုင်ကယ်နဲ့ မော်တော်ကားတွေ ခိုးယူခံရတာတွေလည်း မကြာခဏ ရှိပါတယ်။
ဒါအပြင် ဘန်ကောက်မြို့နဲ့ ထိုင်းနယ်စပ်ကတဆင့် မလေးရှားနိုင်ငံဘက်ကို သွားဖို့အတွက် တာဆောင်ယမ်းဘက်ကနေ တရားမဝင် ခိုးသွားတဲ့ မြန်မာနိုင်ငံသားတွေရှိတဲ့အတွက် မြို့ပိုင်က လုံခြုံရေးတပ်ကျပ်ထားတာလို့ တာဆောင်ယမ်းမြို့ပိုင်နဲ့နီးစပ်သူက ပြောပါတယ်။
အခုလို ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေဆိုရင် ထိုင်းအစိုးရက နယ်စပ်လုံခြုံရေး ပိုမို တင်းကျပ်လေ့ရှိသလို မူးယစ်ဆေးမှုတွေ၊ ခိုးဆိုးမှုတွေနဲ့ အရက်မူးပြီး ယာဉ်မောင်းမှုတွေကိုလည်း ပိုမိုဖမ်းဆီးအရေးယူလေ့ ရှိပါတယ်။