Home
နိုင်ငံတကာ
တရုတ် ငလျင်ဒဏ်သင့် ဒုက္ခသည်များအတွက် ယာယီအိမ်ရာများ ဆောက်လုပ်ပေး
DVB
·
December 22, 2023
China starts building temporary housing for quake survivors

တရုတ်နိုင်ငံ အနောက်မြောက်ဘက် ငလျင်ဒဏ်သင့် ကန်းစုပြည်နယ်မှာ ဒီဇင်ဘာ ၂၂ ရက်က ငလျင်ဒုက္ခသည်တွေအတွက် ရာနဲ့ချီတဲ့ ယာယီအိမ်ရာတွေကို ဆောက်လုပ်ပေးနေတယ်လို့ နိုင်ငံပိုင် ရုပ်သံချန်နယ် စီစီတီဗီက ထုတ်လွှင့်ခဲ့ပါတယ်။

ကန်းစုပြည်နယ် ကျိရှိရှန်းကောင်တီ၊ မိုက်ဖိုကျေးရွာမှာ သောကြာနေ့ ဒေသစံတော်ချိန် မနက် ၈ နာရီမှာ ငလျင်ဒဏ်ကြောင့် အိုးပျောက်အိမ်ပျောက် ဖြစ်ခဲ့ရသူတွေအတွက် ရွှေ့ပြောင်းသယ်ယူလို့ရတဲ့ ပျဉ်ကာ အိမ်ခန်းပေါင်း ၄၁၅ လုံး တည်ဆောက်ခဲ့ကြောင်း စီစီတီဗီက ထုတ်ပြန်ပါတယ်။

အာဏာပိုင်တွေဟာ သောကြာနေ့အကုန်မှာ စုစုပေါင်း အိမ်အလုံးရေ ၅၀၀ ပြီးစီးဖို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။

ဒီဇင်ဘာ ၁၈ ရက် ညသန်းခေါင် မတိုင်ခင်လောက်မှာ ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တဲ့ ကန်းစုနဲ့ ချင်းဟိုင်း ပြည်နယ်တွေမှာ လူ ၁၃၀ ကျော် သေဆုံးခဲ့ပြီး ၁,၀၀၀ နီးပါး ဒဏ်ရာရခဲ့ကာ အသက်ရှင်ကျန်ရစ်သူတွေကတော့ အမြဲတမ်း နေထိုင်သွားစရာ အိမ်ရာတွေ မရှိတော့လို့ လနဲ့ချီပြီး မသေချာ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကန်းစုပြည်နယ်မှာ အိမ်ခြေ ၂ သိန်း ၇ ထောင်ကျော် ပျက်စီးခဲ့ပြီး အိမ်ပေါင်း ၁ သောင်းခွဲနီးပါးက ပြိုကျကုန်ကာ လူပေါင်း ၁၄၅,၀၀၀ ကျော် ထိခိုက်ခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

တဲတွေ၊ စောင်တွေ၊ တဲမီးတွေနဲ့ ခေါက်ခုတင်တွေ အပါအဝင် အရေးပေါ် ထောက်ပံ့ရေး ပစ္စည်း ၁၂၈,၀၀၀ ကျော်အပြင် ဒုက္ခသည်တွေအတွက် ပေးပို့ထားတဲ့ စားစရာ မုန့်ပေါင်းတွေ၊ အသင့်စားခေါက်ဆွဲတွေလို အစားအစာတွေကိုလည်း ပို့ဆောင်ပေးထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013