Home
မြန်မာသတင်း
ရန်ကုန်တွင် ဘလူးတုစပီကာနှင့် Relay များ ရောင်းချခွင့် စစ်ကောင်စီ စတင်ကန့်သတ်
DVB
·
December 22, 2023
Bluetooth Speaker_22122023

ရန်ကုန်မြို့ရှိ လျှပ်စစ်ပစ္စည်းဆိုင်ကြီးတွေမှာ ဘလူးတုစပီကာနဲ့ Relay တွေ ရောင်းချခွင့်ကို အကန့်အသတ်နဲ့ ရောင်းချခိုင်းပြီး လာဝယ်သူတွေကို မှတ်တမ်းယူခိုင်းထားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

မြို့နယ် ၆ ခုမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ဘလူးတုစပီကာတွေကနေ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက်မှာ စစ်ကောင်စီဘက်က စတင်ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

‌ဒီဖောက်ခွဲမှု စစ်ဆင်ရေးတွေကို ရန်ကုန်မြေအောက်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လေ့ကျင့်ထားတဲ့ အထူးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ Alpha Operation က နည်းပညာသုံး မိုင်းတွေ တပ်ဆင်ထားတဲ့ Bluetooth Speaker တွေနဲ့စတင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

လျှပ်စစ်ပစ္စည်းလက်လီ‌ရောင်းချသူတဦးက “လသာဘက်က လက်ကားဆိုင်တွေတော့ Relay ကို အရောင်းပါ ပိတ်ထားကြတာ။ လမ်း ၃၀ ၊ ၂၉ လမ်းတလျှောက်က မီးပစ္စည်းဆိုင်တွေ လုံးဝ ဝယ်လို့ မရဘူး။ မြို့ထဲမှာတော့ Relay ဆို ဘယ်ဆိုဒ်၊ ဘယ် ဗို့မှ မရောင်းတာ။ ယုဇနပလာဇာဘက်မှာတော့ ရသေးတယ်။ လိုသလောက်တော့ မရောင်းပေးကြဘူး။ ဆိုင်မှာBluetooth Speaker လာဝယ်ရင်တော့ နာမည်၊ နေရပ်၊ ဖုန်းနံပါတ်တွေ ယူထားဖို့ လာသတိ‌ပေးထားတာတော့ ရှိတယ်”လို့ ဆိုပါတယ်။

ရန်ကုန် မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံနဲ့ ရွှေပြည်သာ၊ မြောက်ဒဂုံ စတဲ့ မြို့နယ်တွေမှာတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့ကတည်းက ဖုန်းဆိုင်နဲ့ လျှပ်စစ်ပစ္စည်းဆိုင်တွေကို စစ်ကောင်စီ အရပ်ဝတ်ရဲတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လိုက်လံသတိပေးနေတယ်လို့ သိရပါတယ်။

ဘလူးတုစပီကာအပြင် ထပ်မံကန့်သတ်လိုက်တဲ့ လျှပ်စစ်ပစ္စည်း Relay အကြောင်းကို လျှပ်စစ်ကျွမ်းကျင်သူတဦးက အခုလို ပြောပြပါတယ်။

လျှပ်စစ်ကျွမ်းကျင်သူတဦးက “Relay ဆိုတာက ဆားကစ်ပတ်လမ်းမှာ ချက်ချင်း အလုပ်မလုပ်ဘဲနဲ့ ခဏစောင့်ခိုင်းထားတဲ့ ပစ္စည်းပါ။ တည်ငြိမ်လျှပ်စစ်ရအောင်လို့ ခဏစောင့်ခိုင်းတဲ့ သဘောပါပဲ။ ဗို့ကို တိုက်ရိုက်မပို့ဘဲနဲ့ ကြားခံထားတဲ့နေရာမှာ သုံးတာ။ ဥပမာ - 12 V ၁၂ ‌ဗို့ Relay ဆိုရင် သူ့ထဲကို  12V ရောက်မှာ အလုပ်လုပ်ပေးတဲ့ ပစ္စည်းပါ” လို့ ဆိုပါတယ်။ 

စစ်ကောင်စီဘက်က စတင်ကန့်သတ်နေပေမဲ့ Alpha Operation က ထုတ်ပြန်ချက်စာမှာ ပြည်သူတွေ အနေနဲ့ Bluetooth Speaker ကို မထိ၊ မကိုင်၊ မပိတ်ပစ်ဖို့နဲ့ ဘေးအန္တရာယ်ကင်းအောင် နေထိုင်သွားကြဖို့ အသိပေးတင်ပြတဲ့ အသံတွေ ထွက်ပေါ်လာတဲ့ အသံသပိတ် ပထမအဆင့် ဖြစ်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ အဆိုပါ Bluetooth Speaker တွေကို ပိတ်၊ ဖယ်၊ ဖျက်ဆီးပစ်ပါက မိုင်းအဖြစ် ပြောင်းလဲ ပေါက်ကွဲသွားမှာ ဖြစ်တာကြောင့် မြို့နေ ပြည်သူတွေအနေနဲ့ မဆိုင်တဲ့နေရာတွေမှာ ဝင်မစွက်ဖက်ဖို့နဲ့ မြို့ပြစစ်ဆင်ရေးကို နိုင်တဲ့ဘက်က ဝိုင်းဝန်းအားဖြည့်ပေးဖို့ကို တိုက်တွန်းအသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024