Home
မြန်မာသတင်း
ကေအန်ယူနှင့် လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်အထိရှိလာ
DVB
·
December 22, 2023
SAC fail to KNU_22122023

ကရင်ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က လက်နက်ခဲယမ်းနဲ့အတူ လာရောက်ပူးပေါင်းသူ အရာရှိ အပါအဝင် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ရှိလာတယ်လို့ ကေအန်ယူ တပ်မဟာ ၆ စစ်ဗျူဟာမှူးက ပြောပါတယ်။

ဒီဇင်ဘာ ၁၇ ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေအတွင်းကို စစ်ကောင်စီရဲ့ အထက်အမိန့်ကို ဖီဆန်ပြီး တပ်မ ၄၄ လက်အောက်ခံ ခမရ-၁၀၂ တပ်ရင်းက ဗိုလ်ကြီး ကျော်ဗိုလ်ဗိုလ်ဟိန်း အပါအဝင် တပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းနဲ့အတူ ပူးပေါင်းခဲ့ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လာရောက်ပူးပေါင်းတဲ့ အရာရှိစစ်သည် ၁၀၀ ကျော်ရှိပြီး မြေပြင်တိုက်ပွဲအတွင်း လက်နက်ချ ဖမ်းဆီးရမိတဲ့ အရာရှိစစ်သည်​ ၁၅၀ ​ကျော်​ရှိကာ အားလုံးကို ​KNU ရဲ့ စစ်သုံ့ပန်းဥပ​ဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်း​စောင့်​ရှောက်ထားတယ်လို့ ဆိုပါတယ်။

လက်နက်ချသူ​တွေအားလုံး ငြိမ်းချမ်းမှုကို အမှန်တကယ်ရရှိပြီး အသက်အာမခံချက် အပြည့်အဝ ရရှိ​နေတာဖြစ်လို့ လူတစုကောင်းစား​ရေးအတွက် ကိုယ့်အသက်နဲ့ရင်းပြီး အကာအကွယ်ပေးသင့် မ​ပေးသင့်​ဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံကြဖို့ ကျန်ရှိနေသေးတဲ့​ တပ်မ​တော်သား​တွေကို အသိ​ပေး တိုက်တွန်းချင်တယ်လို့ တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နယ်ဒါထူးက ပြောတယ်။

လက်ရှိမှာလည်း ကော့ကရိတ်မြို့တွင်းကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူ နေ့တိုင်းရှိနေတယ်လို့ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူတဦးက ပြောပါတယ်။

ကော့ကရိတ်မြို့တွင်းကို စကခ ၁၂ လက်အောက်ခံ ၃၁၃ အ‌မြောက်တပ်နဲ့ တပ်စခန်းတွေကနေ နေ့ည လက်နက်ကြီး ပစ်ခတ်နေတဲ့အပြင် မြို့တွင်းက စစ်ကောင်စီရဲ့ ခလရ ၉၇ တပ်ရင်းနဲ့ လုံခြုံရေးရယူထားတဲ့ နေရာတွေကနေ ရမ်းသန်းပစ်ခတ်တာတွေကြောင့် နေအိမ်တွေ အလုံး ၂၀ နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပြင် လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိမှန်သေဆုံးတာတွေရှိပြီး ဒီကနေ့အထိ အရေအတွက် အတိအကျ မသိရသေးပါဘူး။

မြို့ခံပြည်သူတဦးက “နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတယ်။ နေ့ဘက်လည်း ဖြစ်တယ်။ ညဘက်ဆိုရင် တညလုံးနီးပါး ဖြစ်တယ်။ ထွက်မကြည့်ရဲဘူး” လို့ ပြောပါတယ်။

ကော့ကရိတ်မြို့ပေါ် ၇ ရပ်ကွက်နဲ့ မြို့ပြင်ကျေးရွာက စစ်ရှောင်ပြည်သူ ၂၀,၀၀၀ ကျော်ဟာ ဘားအံ၊ မော်လမြိုင်နဲ့ နီးစပ်ရာ ဆွေမျိုးတွေရှိရာမှာ တိမ်းရှောင်နေရသလို သာမည၊ ကျောက်ကလပ်၊ သာယာကုန်း၊ ကော့ကဒါနဲ့ အဆင်ပြေရာ ကျေးရွာဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ ဗလီကျောင်းတွေမှာ ဒီကနေ့အထိ ခိုလှုံနေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024