ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းက ဒေသခံပြည်သူ ၃ ယောက်ကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တောင်ကုတ်မြို့နယ် ခူးတိုက်နယ်အတွင်းက တပျော့ကျေးရွာမှာ မနေ့ညနေ ၆ နာရီလောက်က စစ်ကောင်စီတပ်သား အင်အား ၅၀ လောက် စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံပြည်သူ ၃ ယောက်ကို ဖမ်းဆီးသွားကြတယ်လို့ တောင်ကုတ်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ တပျော့ကျေးရွာက အသက် ၁၇ နှစ်အရွယ် ကိုဆန်းမင်းနိုင်၊ အသက် ၁၉ နှစ်အရွယ် ကိုညီနိုင်စိုးနဲ့ အသက် ၄၁ နှစ်အရွယ် ဦးဝင်းရွှေတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
“အဲဒီစစ်ကြောင်းက စဖမ်းဖမ်းချင်း အမျိုးသား ၆ ယောက်ကို စဖမ်းခဲ့တာပါ။ ၃ ယောက်ကိုတော့ လမ်းတဝက်လောက်မှာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့ ၃ ယောက်ကိုတော့ သံတွဲမြို့နယ် ပုရစ်ကျေးရွာဘက်ကို ခေါ်သွားကြတယ်။”
တောင်ကုတ်မြို့နယ်မှာ ဒီဇင်ဘာ ၁၈ ရက် ညပိုင်းကလည်း ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတချို့ သေဆုံးကာ ၆ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၂၀၀ ကျော်လောက်ကို အေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုအပြင် ဒေသန္တရဥပဒေတွေနဲ့ပါ ဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။