ဗြိတိန်နဲ့ ဥရောပတိုက်အကြား ပင်လယ်ရေအောက်မှာ ဆက်သွယ်ထားတဲ့ တခုတည်းသော လမ်းကြောင်းဖြစ်တဲ့ ယူရိုတန်နဲလ် ရေအောက်မီးရထားဥမင်လိုဏ်ခေါင်းရှိ ပြင်သစ်အလုပ်သမားတွေဟာ လစာဆုကြေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၁ ရက်က ရုတ်တရက် သပိတ်မှောက်လို့ လန်ဒန်-ပါရီ လမ်းကြောင်းမှာ ခရီးသည်တွေ အနှောင့်အယှက် ဖြစ်ကုန်ကြပါတယ်။
ယူရိုစတား ရထားကုမ္ပဏီက အသုံးပြုတဲ့ လမ်းကြောင်းဖြတ်ကျော် ဥမင်လိုဏ်ခေါင်း အော်ပရေတာဖြစ်တဲ့ Getlink က ပြင်သစ်သမဂ္ဂတွေက တောင်းဆိုတဲ့ ဆန္ဒပြမှုကြောင့် ရထားပြေးဆွဲဝန်ဆောင်မှုကို အနှောင့်အယှက်ဖြစ်ခဲ့ရပြီး ပြင်သစ်နဲ့ ဗြိတိန်ရှိ ဘူတာရုံဂိတ်တွေကို ပိတ်ပစ်ခဲ့ရကြောင်း ပြောပါတယ်။
ကုမ္ပဏီရဲ့ စီမံအုပ်ချုပ်ရေးဌာနက ကြေညာထားတဲ့ ဘောနပ်စ်ငွေ ယူရို ၁,၀၀၀ ကို အလုပ်သမားသမဂ္ဂတွေက ပယ်ချခဲ့ပြီး ပမာဏကို ၃ ဆ တိုးပေးဖို့ တောင်းဆိုထားတာ ဖြစ်ကြောင်း ကုမ္ပဏီက ပြောပါတယ်။
ယူရိုတန်နဲလ် သမဂ္ဂတွေဟာ သူတို့ရဲ့သပိတ်ကို ၄၈ နာရီကြာ ပြုလုပ်သွားမယ့်အကြောင်း အဆုံးသတ်ရက်ကို ကြေညာခဲ့ပြီး ကြာသပတေးနေ့ ညပိုင်းမှာ အသွားအလာတွေ ပြန်စတင်မှာဖြစ်ကြောင်း BFM TV က ကြေညာပါတယ်။
တချို့ရထားတွေဟာ လန်ဒန်ကို မရောက်ခင်လေးမှာတင် ပြင်သစ်မြို့တော်ဆီ လှည့်ပြန်သွားခဲ့ကြတာကြောင့် ပြင်သစ်အစိုးရက ဒီသပိတ်မှောက်မှုကို လက်မခံနိုင်စရာကိစ္စလို့ ပြောဆိုခဲ့ပါတယ်။
လန်ဒန်ဘက်ရှိ အမြန်ရထားဘူတာရုံမှာလည်း ခရီးသည်တွေ စုပုံသောင်တင်နေပြီး သူတို့ရဲ့ ခရစ္စမတ် အားလပ်ရက် အစီအစဉ်တွေ နှောင့်နှေးကုန်ပြီလို့ ပြောကြပါတယ်။
Source/Photo-Reuters