စစ်ကောင်စီတပ်နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ရှိ လွယ်ပယ်စုစည်းရွာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီဇင်ဘာ ၂၁ ရက် ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး လွယ်ပယ်စုစည်းရွာထဲ ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသား ၁ ဦး ဦးခေါင်းထိမှန် သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
လွယ်ပယ်စုစည်းရွာသားတယောက်က “သူတို့က အိမ်ထဲမှာပဲ နေနေတာ။ အဲ့ဒါကို လက်နက်ကြီးက လာမှန်တာ၊ နဖူးတည့်တည့်ကို လာမှန်သွားတာ။ ဝင်သွားတဲ့ လက်နက်ကြီးအစကို နုတ်လိုက်တော့ ဦးနှောက်ပါမြင်နေရပြီး ဆေးရုံရောက်တာမကြာဘူး၊ သေဆုံးသွားတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးထိမှန်တဲ့သူတွေမှာ လွယ်ပယ်စုစည်းရွာက အသက် ၂၅ နှစ်အရွယ် မိုင်းအိုက်လေဝ်းနဲ့ ၂၄ နှစ်အရွယ် လွေးအိုဆွေတို့ဖြစ်ပြီး မိုင်းအိုက်လေဝ်းကတော့ ဆေးရုံရောက်ပြီး မကြာမီ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
“ဒဏ်ရာရထားတဲ့ ကလေးမကိုတော့ ကွတ်ခိုင်ပြည်သူ့ဆေးရုံကြီးမှာ ကုသနေပါတယ်။ သူကတော့ မစိုးရိမ်ရဘူးလို့ ပြောတယ်။ သူတို့ကို မြင်တွေ့ရတာ စိတ်မကောင်းဘူး။ သေသွားတဲ့ ကောင်လေးကိုတော့ သင်္ဂြိုဟ်ပြီးသွားပြီ” လို့ ရွာသားတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်ကလည်း ဟိုကျန့်ရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကရုဏာ လူမှုကူညီရေးအသင်းရဲ့ ယာဥ်မောင်းဖြစ်တဲ့ ဦးအိုက်ကမ်ရဲ့ ပုခုံးကို ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲစတင်ဖြစ်ပွားနေတာကြောင့် ပန်ဆေး၊ မန်မောဝ်၊ ပန်ကူ၊ ဟွေခုတ်၊ ဟိုကျန့်၊ နမ့်ခုမ်း၊ မန်ထန်၊ အထက်လွယ်အွန်၊ အောက်လွယ်အွန်၊ သာယာကုန်း ရပ်ကွက် ၁၊ ၅ နဲ့ ၈ စတဲ့ကျေးရွာတွေက အရပ်သားပြည်သူ ၅,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ဇီးကုန်းရွာနဲ့ နတ်အင်းရွာတွေကို ဒီဇင်ဘာ ၂၁ ရက် ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပစ်ခတ် ဗုံးကြဲတာကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့ကနေ ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲပစ်ခတ်ခဲ့တာလို့ ဇီးကုန်းရွာသားတဦးက ပြောပါတယ်။
“လာပစ်တာက ဂျက်ဖိုက်တာ ၁ စီးတည်းရယ်ဗျ။ ဘာလို့လာပစ်တာလဲတော့ မသိဘူး။ ကျနော်တို့ရွာအနီးမှာ ဘာတိုက်ပွဲမှလည်း မရှိဘဲနဲ့ကို လေယာဉ်နဲ့ပစ်ခတ်သွားတာပါ။ ပစ်တာက ကျနော်တို့ ဇီးကုန်းရွာ အနီး ၂ ကြိမ် ပစ်တယ်။ နောက်ပြီး နတ်အင်းရွာ စာသင်ကျောင်းကြတော့ ဗုံးကြဲ ပစ်ခတ်ခဲ့တာပါဗျ။ အဲလိုဗုံးကြဲလို့ ရွာသားတဦး သေဆုံးခဲ့ရသလို တဦး ဒဏ်ရာရရှိခဲ့တယ်။”
ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စုံတို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က နေ့စဉ်လိုလို လေယာဉ်နဲ့ လာရောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကလည်း ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာနဲ့ သခွတ်ချောက်ရွာကို စစ်ကောင်စီက အခုလို အကြောင်းမဲ့ လာရောက်ပစ်ခတ်လို့ ကျေးရွာသား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။