ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်ကောင်စီတပ်က ဗိုလ်ကြီးတယောက် အပါအဝင် ငါးယောက် လက်နက်တွေနဲ့အတူ လာရောက်ပူးပေါင်းခဲ့တယ်လို့ ကေအန်ယူက ဒီဇင်ဘာ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၇ ရက်က တပ်မဟာ ၆ လုံခြုံရေးစစ်ကြောင်းဆီကို တပ်မ ၄၄ လက်အောက်ခံ ခမရ-၁၀၂ တပ်ရင်းက ဗိုလ်ကြီး ကျော်ဗိုလ်ဗိုလ်ဟိန်းနဲ့ တပ်သားတယောက်အပြင် ဆေးတပ်သားတယောက်ပါ လာရောက်ပူးပေါင်းခဲ့တာပါ။
ဒီဇင်ဘာ ၁၅ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် ၁၀၂၂ က တပ်သားတယောက်နဲ့ ဒီဇင်ဘာ ၁၇ ရက်မှာ နယ်ခြားစောင့်တပ် တပ်ရင်း ၁၀၂၂ က တပ်သားတယောက် လာရောက်ပူးပေါင်းခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
တပ်မဟာ ၆ နယ်မြေမှာလည်း လတ်တလော တိုက်ပွဲတွေ နေရာအနံ့ နေ့စဥ်ဖြစ်ပွားနေလို့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူပေါင်း သောင်းနဲ့ချီ ရှိလာနေသလို စစ်ကောင်စီတပ်တွေလည်း အထက်အမိန့်ဖီဆန်ပြီး ကေအန်ယူနဲ့ လာရောက်ပူးပေါင်းလာနေကြတယ်လို့ ဆိုပါတယ်။