ရခိုင်ပြည်နယ်၊ မောင်တောမြို့ နေအိမ်တအိမ်မှာ ဒီဇင်ဘာ ၂၁ ရက် မနက်က ကျပ်သိန်း ၂ သောင်းကျော်ဖိုး ဓားပြအတိုက်ခံရခဲ့ရတယ်လို့ ကာယကံရှင်တွေဆီကနေ သိရပါတယ်။
မောင်တောမြို့ မြို့မ ၈ ရပ်ကွက်၊ ဦးဥတ္တမလမ်းက စိန် (DIAMOND) ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်မှာ ဒီဇင်ဘာ ၂၁ ရက် မနက် ၁၀ နာရီ မိနစ် ၂၀ လောက်မှာ မျက်နှာဖုံးစွပ်ထားတဲ့ လူ ၆ ယောက်က ရွှေထည်ပစ္စည်းတွေ အများအပြား ဓားပြတိုက်သွားတာလို့ နေအိမ်ပိုင်ရှင် ဦးအနုဝါရ်ဆာဒက်က ဒီဗွီဘီကို ပြောပါတယ်။
“မျက်နှာဖုံးစွပ်ထားတဲ့ လူ ၆ ယောက်က ကျနော်တို့နေအိမ်ကို နောက်ဖေးခန်းက ဝင်လာတယ်။ သူတို့ရဲ့ လက်မောင်းနဲ့ ခြေသလုံးတွေမှာ ဆေးမင်ကြောင်တွေပါပြီး ဘောင်းဘီအရှည်ဝတ်ထားတဲ့သူ ၃ ယောက်၊ ဘောင်းဘီအတို ဝတ်ဆင်ထားသူ ၃ ယောက် ပါတယ်။ သူတို့က နောက်ဖေးကနေ အိမ်ပေါ်ကိုတက်ပြီးတော့ ကျနော့်မိန်းမ ဒေါ်ဆာလမာရဲ့ ပါးစပ်တွေ၊ မျက်နှာတွေ၊ လက်တွေ၊ ခြေထောက်တွေကို ပလာစတာကပ်ပြီး အောက်ကိုခေါ်လာတယ်။ သူတို့က အောက်မှာ ၃ ယောက်၊ အပေါ်မှာ ၃ ယောက်က မွှေနှောက်ကာ ရွှေရှိတဲ့အခန်းကို ဝင်ရောက်ပြီး ရွှေထည့်တဲ့သေတ္တာကို သူတို့မှာပါလာတဲ့ အနီရောင် ပလတ်စတစ် ရေခဲပုံးထဲထည့်ပြီး ပြန်ထွက်သွားတယ်။”
အမျိုးသမီးတယောက်လည်း ဖြစ်နေတော့ လက်နက်တွေကိုတော့ သတိမထားမိလိုက်ကြောင်း၊ ဓားပြအတိုက်ခံရမှုကြောင့် ရွှေ ၅ ပိဿာကျော် စုစုပေါင်းတန်ဖိုး သိန်း ၂ သောင်းကျော်ဖိုးခန့် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အိမ်အောက်ထပ်မှာ ကလေးတွေနဲ့ စာသင်ပေးနေတဲ့ ကျောင်းဆရာမတယောက် ရှိပေမဲ့ ဘာမှလုပ်မသွားကြဘူးလို့ ပြောပါတယ်။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ မောင်တောမြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာအားလုံးကို တိုင်ကြားထားပြီး ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ဖြစ်စဥ် ဖြစ်ပွားပြီးတဲ့နောက် မောင်တောမြို့ပေါ်မှာ လုံခြုံရေးတိုးမြှင့်ထားပြီး လမ်းတွေပိတ် ရှာဖွေကာ အနီးပတ်ဝန်းကျင်က လူတွေကို မောင်တောမြို့မရဲစခန်းက ရဲတွေက စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ကြပေမဲ့ ဓားပြတွေကို ဖမ်းမမိသေးဘဲ ဒီနေ့မှာလည်း ဆက်လက်ရှာဖွေ စစ်ဆေးနေတယ်လို့ ပြောပါတယ်။
စစ်တွေမြို့မှာလည်း ဒီဇင်ဘာ ၂၀ ရက် မနက်မှာ အမျိုးသမီးတယောက် စစ်ဘေးရှောင်တွေကို ထောက်ပံ့မယ့် ငွေ ၂၅ သိန်း လုယက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။