Home
မြန်မာသတင်း
ပေါက်တောမြို့၌ တိုက်ပွဲပြင်းထန်၊ ရေတပ်က အတွဲလိုက်ဒုံးဖြင့် ဆက်တိုက်ပစ်ခတ်
DVB
·
December 22, 2023
PaukTawFighting_22122023

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲပိုင်း ၁ နာရီလောက်ကစလို့   ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီရေတပ်က အတွဲလိုက်ဒုံးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်တောမြို့ခံတယောက်က “ပေါက်တောမြို့ထဲဘက်က တိုက်ပွဲဖြစ်သံ ကြားရပါတယ်ဗျ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်တဲ့ အသံတွေပါ။ ခဏအကြာမှာတော့ ပေါက်တောမြစ်ထဲမှာ ရပ်ထားတဲ့ စစ်ကောင်စီရဲ့ ဇက်နေဗီက လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်ခဲ့လို့ မြို့ပေါ်ရပ်ကွက်တွေက လူနေအိမ်တွေ မီးလောင်နေတာကို အဝေးကနေ လှမ်းမြင်ရတယ်” လို့ ပြောပါတယ်။

ပေါက်တောမြို့ဘက်ကနေ ညနေ ၃ နာရီ ၂၀ မိနစ်လောက်မှာလည်း လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ တရစပ်ကြားခဲ့ရပြီး တနာရီကျော်လောက်အကြာမှာ ရပ်တန့်သွားတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၂၄ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အေအေနဲ့ နီးစပ်တဲ့သူတွေက ပြောပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

စစ်တွေမြို့ခံတယောက်က “စစ်တွေမြို့ ရွှေမင်းဂံနဲ့ ပွိုင့်အနားမှာရှိတဲ့ ရေတပ်က နေဗီအမှတ်  ၄၄၃ တိုက်ခိုက်ရေးစစ်ရေယာဥ် အပါအဝင် စစ်ကောင်စီရဲ့ နေဗီတွေကနေ ပေါက်တောမြို့ဘက်ကို လှည့်ပြီး လက်နက်ကြီးတွေ၊ အမြောက်တွေ၊ အတွဲလိုက်ဒုံးတွေနဲ့ ည ၈ နာရီလောက်ကနေ ဒီဇင်ဘာ ၂၂ ရက် မနက် ၂ နာရီကျော်တဲ့အထိ အဆက်မပြတ် ပစ်ခတ်ခဲ့ကြတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၁ ရက် နေ့လယ် ၁ နာရီလောက်က ပေါက်တောမြို့ထဲမှာ အေအေနဲ့ စစ်ကောင်စီရဲ့ လက်ကျန်တပ်သားတွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သင်္ဘာ ၃ စီးနဲ့ အင်အားဖြည့်ဖို့ ကြိုးစားခဲ့ပေမဲ့ အေအေဘက်က ပစ်ခတ်လို့ သင်္ဘောတစီး ထိမှန်ခဲ့ကာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကာ ပြန်လှည့်သွားတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ပေါက်တောမြို့ကို လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းဖို့ ကြိုးစားနေတာ တပတ်ကျော်ကြာလာပြီဖြစ်ပေမဲ့ အေအေက ကမ်းကပ်ခွင့်မပေးဘဲ ဆက်လက် ဖြတ်တောက်ထားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024