ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင် တံတား စုပေါင်းဂိတ်မှာ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ဗလမင်းထင်တံတား ဝိုင်းမော်မြို့နယ်ဘက်ခြမ်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စုပေါင်းစစ်ဆေးရေး ပြုလုပ်နေစဉ် အမည်မသိ သေနတ်သမားအဖွဲ့က ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။
ဗလမင်းထင်တံတားကို ဖြတ်သန်းလာတဲ့ အမျိုးသားတဦးက “ညနေ ၅ နာရီကျော်လောက်က ပစ်ခတ်မှုဖြစ်သွားတယ်။ ဆိုင်ကယ်သမားက ပစ်သွားတာ။ စစ်ဆေးရေးလုပ်နေတဲ့ ရဲတွေ ထိခိုက်မှုတော့ရှိတယ်။ ဘယ်နှစ်ယောက် ထိခိုက်သွားလဲတော့ တိတိကျကျမသိဘူး။ အဲ့ဒီအနားမှာလည်း ဆိုင်ကယ်တွေ ကားတွေကို ပိတ်ပြီးစစ်နေတာ တွေ့တယ်” လို့ ပြောပါတယ်။
ဧရာဝတီမြစ်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ ဗလမင်းထင်တံတားမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စုပေါင်းစစ်ဆေးရေးဂိတ်တွေက ဖြတ်သန်းသွားလာတဲ့ ကုန်တင်မော်တော်ယာဉ်တွေကို တရားမဝင် ငွေကြေး အဓမ္မကောက်ခံနေတာပါ။
သတ်မှတ်ချိန် မနက် ၆ နာရီက ညနေ ၆ နာရီအထိသာ ဖြတ်သန်းသွားလာခွင့်ပြုတဲ့ ဗလမင်းထင်တံတား စုပေါင်းစစ်ဆေးရေးဂိတ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက် ညနေပိုင်းကလည်း ကချင်လွတ်မြောက်ရေးတပ် (KIA) က ပစ်ခတ်သွားခဲ့လို့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရခဲ့ပါတယ်။