လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် မြဝတီ-မဲဆောက်လမ်းကြောင်းမှ မြန်မာ MOU လုပ်သားတွေ စေလွှတ်တာကို ဒီဇင်ဘာ ၁၉ ရက်ကစပြီး ယာယီရပ်ဆိုင်းထားတယ်လို့ စစ်ကောင်စီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာ MOU လုပ်သားတွေကို ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက မြဝတီ-မဲဆောက် လမ်းကြောင်းနဲ့ ကော့သောင်း-ရနောင်း လမ်းကြောင်းတို့မှတဆင့် ထိုင်းနိုင်ငံကို စေလွှတ်နေပါတယ်။
မြဝတီ-မဲဆောက်လမ်းကြောင်းကို ပေါက်တဲ့ အာရှလမ်းမကြီးမှာ လတ်တလော တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အလုပ်သမားဝန်ကြီးဌာနက အဆိုပါလမ်းကြောင်းကို ပိတ်ထားတာ ဖြစ်နိုင်တယ်လို့ ထိုင်းမှာ MOU နဲ့ အလုပ်လုပ်ကိုင်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာအလုပ်သမားတဦးက ပြောပါတယ်။
“အခု တိုက်ပွဲတွေဖြစ်နေတဲ့ အဲ့လမ်းက ဘယ်လိုမှ သွားလို့မရတော့ဘူး။ အဲဒါကြောင့် ပိတ်လိုက်တာ ထင်တယ်။ ကျနော်တို့ကို ထိုင်းကို ကော့သောင်း-ရနောင်းဘက်ကနေ စေလွှတ်မှာလား၊ လေယာဉ်နဲ့ စေလွှတ်မှာလား ဆိုတာကိုတော့ ကျနော်တို့ကို သေချာမပြောသေးပါဘူး။ လေယာဉ်နဲ့လွှတ်ဖို့ အခု ဆွေးနွေးနေကြတယ်လို့လည်း ကြားပါတယ်။”
မြဝတီ-မဲဆောက် လမ်းကြောင်းမှ MOU လုပ်သားတွေ စေလွှတ်မှုကို ယာယီရပ်ဆိုင်းထားပေမဲ့ ကော့သောင်း-ရနောင်း လမ်းကြောင်းမှ MOU လုပ်သားတွေ စေလွှတ်မှုနဲ့ MOU U-turn စနစ်နဲ့ အလုပ်သမားတွေ စေလွှတ်ခြင်းတို့ကို ပုံမှန်အတိုင်း လုပ်ဆောင်သွားမယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။