အာဂျင်တီးနားသမ္မတ ဟာဗီးယားမီလေ့က သူ့အစိုးရသစ်ဟာ စီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနေရတာကြောင့် ပို့ကုန်ကန့်သတ်ချက်တွေကို အဆုံးသတ်ပြီး စည်းမျဥ်းတွေကို ဖြေလျှော့ပေးမယ့် စီးပွားရေး ပြုပြင်ပြောင်းလဲရေး အမိန့်တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဒီဇင်ဘာ ၂၀ ရက်က ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်ကမှ သမ္မတတာဝန် စတင်ထမ်းဆောင်တဲ့ မီလေ့ဟာ နိုင်ငံရဲ့ နှစ်ရှည်လများ ထိုးကျနေတဲ့ စီးပွားရေးကျဆင်းမှုကို ပြောင်းပြန်လှန်ပစ်မယ်လို့ ကတိပြု မဲဆွယ်ခဲ့တာဖြစ်ပြီး သမ္မတတာဝန်ထမ်းဆောင်တာ သီတင်းနှစ်ပတ် မပြည့်သေးပါဘူး။
သူဟာ ဂဏန်းသုံးလုံးအထိ မြင့်တက်လာနေတဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းညှိဖို့အတွက် နက်ရှိုင်းတဲ့ အသုံးစရိတ်ဖြတ်တောက်တာ အပါအဝင် စီးပွားရေး “ရှော့ခ်” ကုထုံးကို ကတိပြုခဲ့ပါတယ်။
ဒါပေမဲ့ သမ္မတရဲ့အမိန့်ကို ဆန့်ကျင်ကန့်ကွက်ကြတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဒီဇင်ဘာ ၂၁ ရက်က အာဂျင်တီးနားလွှတ်တော် အပြင်ဘက်မှာ အိုးတွေကိုတီးကာ နိုင်ငံတော်အလံကို ဝှေ့ယမ်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
အစောပိုင်းတုန်းက လူထောင်ပေါင်းများစွာဟာ ဗျူနိုအေးရိစ်မြို့ရဲ့ လမ်းမတွေပေါ်မှာ ချီတက်ခဲ့ကြပြီး အစိုးရရဲ့ ခြိုးခြံချွေတာမှု အစီအစဉ်တွေကို ကန့်ကွက်ခဲ့ကြပါတယ်။
အလုပ်လက်မဲ့တွေအတွက် ကိုယ်စားလှယ်တွေက ဦးဆောင်ပြီး ဆင်းရဲနွမ်းပါးသူတွေအတွက် ပံ့ပိုးကူညီမှုတွေ ပိုပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အာဂျင်တီးနားရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ အခုနှစ်ရဲ့ ပထမနှစ်ဝက်မှာပဲ ၄၀ ရာခိုင်နှုန်းကို ကျော်တက်သွားပါတယ်။
Source/Photo-Reuters