Home
နိုင်ငံတကာ
အမေရိကန် စစ်သင်္ဘောများကို တိုက်ခိုက်မည်ဟု ဟူသီသူပုန် ခေါင်းဆောင် သတိပေး
DVB
·
December 22, 2023
Red Sea_22122023

အမေရိကန်စစ်တပ်က ဟူသီပြည်သူ့စစ်အဖွဲ့ကို ပစ်မှတ်ထားရင် သူ့အဖွဲ့ကလည်း အရှေ့အလယ်ပိုင်းက အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်မယ်လို့ အီရန် ကျောထောက်နောက်ခံပြု ယီမင်နိုင်ငံရဲ့ ဟူသီခေါင်းဆောင် အဗ္ဗဒူလ်မာလိခ်အလ်ဟူသီက ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။

ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ စစ်ရေးတိုက်ခိုက်မှုတွေနဲ့ အမေရိကန် စစ်သင်္ဘောတွေကို လက်တုံ့ပြန်မယ်လို့ သူက ကတိပြုခဲ့ပါတယ်။

ပင်လယ်နီကိုဖြတ်သွားတဲ့ သင်္ဘောတွေကို ဟူသီဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ချေမှုန်းမယ်လို့ အမေရိကန်က တနင်္လာနေ့မှာ ၁၀ နိုင်ငံ ညွန့်ပေါင်းအဖွဲ့ကို ကြေညာခဲ့ပြီးနောက်မှာ ဒီခြိမ်းခြောက်မှု ထွက်ပေါ်လာတာပါ။

အမေရိကန်ဦးဆောင်တဲ့ နိုင်ငံစုံ စစ်ဘက်ဆိုင်ရာ မဟာမိတ်အဖွဲ့ထဲမှာ ဗြိတိန်၊ ပြင်သစ်နဲ့ အီတလီတို့လည်း ပါဝင်ပါတယ်။

ဒါပေမဲ့လည်း သြစတြေးလျအစိုးရက ပင်လယ်နီကို သူ့စစ်သင်္ဘော စေလွှတ်မှာမဟုတ်ဘဲ ဒေသတွင်းကို တပ်ဖွဲ့ဝင်တွေ ထပ်ပြီးချထားပေးမယ်လို့ ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

ဟူသီသူပုန်တွေဟာ ပင်လယ်နီနဲ့ အာရပ်ပင်လယ်အတွင်း ဖြတ်သန်းသွားလာနေတဲ့ အစ္စရေးနဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးသင်္ဘောတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ကတိပြုထားပြီး ဂါဇာကမ်းမြောင်မှာ အစ္စရေးရဲ့ ရန်လိုမှုကို အဆုံးသတ်ဖို့နဲ့ နယ်မြေအတွင်းကို ရိက္ခာနဲ့ဆေးဝါးတွေ ပေးပို့ဖို့ တောင်းဆိုခဲ့ပါတယ်။

ဟူသီသူပုန်တွေဟာ မြို့တော် ဆာနာနဲ့ ပင်လယ်နီကမ်းရိုးတန်းရှိ မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းမြို့ အပါအဝင် ယီမင်မြောက်ပိုင်းရှိ နေရာအများအပြားကို ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီရေပြင်ဟာ ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၁၂ ရာခိုင်နှုန်းအထိ ဖြတ်သန်းသွားလာနေတာပါ။

ပင်လယ်နီ အကျပ်အတည်းကြောင့် သင်္ဘောတွေဟာ တိုက်ခိုက်မှုတွေကို ကြောက်ရွံ့နေရတဲ့ကြားမှာ ဒေါ်လာဘီလီယံ ၈၀ ကျော် ကုန်တင်သင်္ဘောတွေကို ရေပြင်ကနေ လမ်းကြောင်းပြောင်းခိုင်းခဲ့ကြရပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024