အခုနှစ်ဘောလုံးရာသီမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့အတွက် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်မယ်လို့ အက်စ်တွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ပြောသွားပါတယ်။
ဗီလာအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အပြီးမှာ ရမှတ် ၃၈ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ တမှတ်ပဲ ကွာဟတာပါ။
အာဆင်နယ်နဲ့ ဒုတိယနေရာက ရမှတ်တူ လီဗာပူးတို့ ထိပ်တိုက်တွေ့ဆုံနေချိန်မှာ ဗီလာက ရှက်ဖီးယူနိုက်တက်နဲ့ ယှဉ်ပြိုင်သွားရမှာပါ။
ဗီလာအသင်းပိုင်ရှင်တွေဟာ ရည်မှန်းချက်ကြီးကြသူတွေဖြစ်ပြီး အသင်းရဲ့ရလဒ်အပေါ် စိတ်လှုပ်ရှား ပျော်ရွှင်ကျေနပ်နေကြောင်း၊ ဒုတိယအကျော့ပွဲစဉ်တွေမှာ ရလဒ်ကောင်း ဆက်ထိန်းနိုင်ဖို့အတွက် ကစားသမားသစ်တွေခေါ်ယူဖို့ ခွင့်ပြုချက်ရရှိထားကြောင်း နည်းပြအမ်မရီက ပြောပါတယ်။
သောကြာညမှာ ကစားရမယ့် ရှက်ဖီးယူနိုက်တက်နဲ့ အိမ်ကွင်းပွဲစဉ်မှာ အနိုင်ရခဲ့မယ်ဆိုရင် ဗီလာအသင်းက ထိပ်ဆုံးနေရာကို တက်လှမ်းလာမှာ ဖြစ်ပါတယ်။
Photo-Reuters