တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်းဝရဲစခန်းက ရဲတပ်သားတယောက် လက်နက်နဲ့အတူ အလင်းဝင်ခဲ့တယ်လို့ ပုတီးတလုံးပြောက်ကျားတပ်ဖွဲ့ P.D.F က ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ဝင်းဝရဲစခန်းက ရဲတပ်သားဆိုင်းလျန်းဟာ ပုတီးတလုံး ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်က သေနတ်တလက်၊ ကျည်ပေါက် ၄ ခု နဲ့ ကျည်အတောင့် ၂၀၀ တို့နဲ့အတူ အလင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ပုတီးတလုံးပြောက်ကျားတပ်ဖွဲ့ PDF တာဝန်ရှိသူတဦးက “ကျနော်တို့က အရင်ကတည်းက စစ်ကောင်စီတပ်သားတွေ အလင်းဝင်ဖို့ စာကပ်ထားတာတွေရှိပါတယ်။ သူကအဲ့ဒါကို ကြည့်ပြီး အလင်းဝင်ရောက်လာခဲ့တာပါ။ စစ်ကောင်စီတပ်သားတွေကို ပြောချင်တာကတော့ အာဏာရှင်တွေအောက်က အမြန်ဆုံးစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံဖို့ပါ။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ကြိုဆိုနေပါတယ်" လို့ ပြောပါတယ်။
လက်နက်နဲ့အတူ CDMဝင်လာတဲ့ ရဲတပ်သားကို ပုတီးတလုံး ပြောက်ကျားတပ်ဖွဲ့က ဆုကြေး ကျပ် ၃၅ သိန်းချီးမြှင့်ထားပြီး လုံခြုံစိတ်ချတဲ့နေရာကို ပို့ဆောင်ပေးထားပါတယ်။
တနင်္သာရီတိုင်းမှာ စစ်အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၂၄၀ ထက်မနည်းရှိနေတယ်လို့ တနင်္သာရီတိုင်းပကဖအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။