ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကား ယာဥ်လိုင်းတွေအနေနဲ့ ည ၁၀ နာရီအထိ နောက်ဆုံးထား ပြေးဆွဲပေးဖို့နဲ့ နောက်ဆုံးကားထွက်မယ့်အချိန်ကို ခရီးသည်တွေသိရှိအောင် အသိပေးထားဖို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က ညွှန်ကြားထားကြောင်း သိရပါတယ်။
လက်ရှိမှာ YBS ယာဥ်လိုင်းတွေကို ည ၉ နာရီထိသာ ပြေးဆွဲနေရာက မြို့တွင်းခရီးသွားတွေ ကားလုံလောက်မှု ရရှိစေဖို့ ရည်ရွယ်ပြီး ည ၁၀ နာရီထိ နောက်ဆုံးထား ပြေးဆွဲပေးဖို့ YRTC တွဲဘက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောပါတယ်။
“အဓိကက CNG ဂက်(စ်) Pressure မပြည့်မီလို့ ကားတွေ အခေါက်ရေလျှော့ပြီး ဆွဲလာကြတယ်။ ခရီးသွားမိဘပြည်သူတွေ ရုံးတက် ရုံးဆင်းချိန်တွေမှာ ကားမရလို့ အသွားအလာ အခက်ခဲတွေ ကြုံနေရတဲ့အတွက် အရင်ကထက် အချိန်ပိုတိုးပြီး ပြေးဆွဲပေးဖို့နဲ့ ခရီးသည်တွေသိရှိအောင် အသိပေးထားဖို့အတွက်ပါ။”
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေနဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံထားပြီး CNG ဂက်(စ်) ပြည့်ဝစွာရရှိကာ ယာဉ်အစီးရေ ပိုမိုပြေးဆွဲနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ တရက်ကို YBS ယာဉ်လိုင်းမှ ယာဉ်အစီးရေ ၃,၇၀၀ ကျော် ထွက်ရှိနေပြီး အခေါက်ရေ ၅ ခေါက် ပြေးဆွဲနေရာမှ ၄ ခေါက်သာ ပြေးဆွဲနေရတဲ့အတွက် ခေါက်ရေလျော့ကျသွားရခြင်းဖြစ်ကြောင်း သိရပါတယ်။