အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက ဟားမတ်စ်တွေကို အမြစ်ပြတ်ချေမှုန်းမယ့် သူ့ရဲ့ကတိကဝတ်ကို ဒီဇင်ဘာ ၂၀ ရက်မှာ ပြန်ပြောကြားလိုက်ပြီး ဟားမတ်စ်အဖွဲ့ဝင်တွေကိုလည်း အညံ့ခံမလား၊ အသေခံမလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။
ခဏတာပဲဖြစ်ဖြစ် ဖြစ်နိုင်ခြေရှိတဲ့ ဘယ်လို အပစ်အခတ်ရပ်စဲရေးအသစ်မျိုးကိုမဆို ထည့်သွင်းစဉ်းစားဖို့ အကြံပြုထားကြတဲ့ ရုပ်မြင်သံကြား မှတ်ချက်တွေမှာ နေတန်ယာဟုက ဟားမတ်စ်တွေကို အဆုံးတိုင်ချေမှုန်းပြီးမှ ဓားစာခံတွေလည်း အားလုံးလွတ်မြောက်ပြီး ဂါဇာကမ်းမြောင်မှာ နောက်ထပ် ခြိမ်းခြောက်မှု မရှိတော့ဘူးဆိုမှ စစ်ပွဲက ပြီးဆုံးမှာဖြစ်တယ်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။
ဒီစစ်ပွဲကို ရပ်တန့်လိမ့်မယ်လို့ ထင်နေတဲ့သူတိုင်းက လက်တွေ့နဲ့ ကင်းကွာနေတယ်လို့လည်း ဆိုပါတယ်။
“အစ္စရေးက ချမှတ်ထားတဲ့ ပန်းတိုင်တွေ မရောက်မချင်း တိုက်ပွဲတွေကို ရပ်တန့်မှာ မဟုတ်ဘူး။ ဒီနေ့အပါအဝင် နီးနီးဝေးဝေး နေရာတိုင်းမှာ ဟားမတ်စ်တွေနဲ့ သူတို့ရဲ့ ကြံရာပါတွေကို ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်နေပါတယ်။ ဟားမတ်စ် အကြမ်းဖက်သမားအားလုံးဟာ အစကနေ အဆုံးအထိ လမ်းလျှောက်နေတဲ့ လူသေတွေပဲ” လို့ နေတန်ယာဟုက ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။
အစ္စရေးဟာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့ရဲ့ သတ်ဖြတ်မှုနဲ့ ပြန်ပေးဆွဲမှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ လူဦးရေထူထပ်တဲ့ ကမ်းရိုးတန်းဒေသရဲ့ ဧရိယာအများအပြားကို ထောင်းလမောင်းကြေအောင် တိုက်ခိုက်နေတဲ့အပေါ် နိုင်ငံတကာ မဟာမိတ်တွေဆီက ဂါဇာမှာ စစ်ရေးအရ ထိုးစစ်ဆင်မှုကို ထိန်းချုပ်ဖို့ တိုက်တွန်းကြတဲ့ ဖိအားတွေနဲ့ တိုးမြင့်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
Source/Photo-Reuters