ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ တရားမဝင်တဲ့ လောင်းကစား ၅ မျိုးကို စစ်ကောင်စီအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့နဲ့ ငွေကြေးတတ်နိုင်တဲ့သူတွေပူးပေါင်းပြီး တရားဝင်သဖွယ် ပေါ်ပေါ်တင်တင်လုပ်နေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ ၂ လုံးထီ ၊ ၃ လုံးထီ၊ ဖဲဝိုင်း၊ ကြက်ဝိုင်း ၊ ခြောက်ကောင်ဝိုင်းတွေကို နယ်မြေခံရဲတပ်ဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံ ငွေကြေး ပြည့်စုံသူတွေက ပူးပေါင်းပြီး လုပ်နေတာဖြစ်ပြီး သက်ဆိုင်ရာကိုငွေပေးလာဘ်ထိုးပြီး ခွင့်ပြုချက်ယူ လုပ်ကိုင်နေကြတာလို့ သိရပါတယ်။
ဒေသခံတဦးက “အုပ်ကြီးနဲ့ ရဲရဲ့ ခွင့်ပြုချက်နဲ့ လုပ်နေတာ၊ ဘယ်သူ့ဂရုစိုက်ရမလဲ ဆိုပြီး ငွေကြေးပြည့်စုံသူတွေက ဦးဆောင်လုပ်နေတာ။ ရဲတွေ အုပ်ချုပ်ရေးမှူးတွေ ပေါင်းလုပ်တာ။ ကြက်ဝိုင်းတွေ၊ ဖဲဝိုင်းတွေက နေရာတိုင်းနီးပါ ဝိုင်းဖွဲ့လုပ်နေတာ။ ၂ လုံးထီနဲ့ ၃ လုံးထီ ချဲကလည်း တရားဝင်သဖွယ်ပဲ၊ ဟင်းရွက်၊ ကန်စွန်းရွက်၊ ပဲပြုတ် အော်ရောင်းသလိုကို ရောင်းနေတာ။ ဒီလောင်းကစားတွေကြောင့် စားကောင်းခြင်းလည်း မစားရ၊ အိပ်ကောင်းခြင်းလည်း မအိပ်ရဖြစ်နေတယ်။ ရွာထဲမှာ ပစ္စည်းတွေပျောက်လိုပျောက်၊ အရင်တုန်းက ဒါမျိုး ပျောက်တဲ့ဖြစ်စဉ်တွေမှ မရှိတာ” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ ကျေးရွာအုပ်စု ၁၀၈ အုပ်စု၊ ကျေးရွာခွဲ ပေါင်း ၆၇၆ ရွာနဲ့ ရပ်ကွက် ၁၃ ခုရှိပြီး ကျေးရွာတွေဘက်မှာ တရားဝင် လောင်းကစားဝိုင်းတွေကို ပေါ်ပေါ်တင်တင်လုပ် လာကြတာဖြစ်ပြီး အကျိုးဆက်အဖြစ် မိသားစုအိမ်တွင်းရေး ပြဿာတွေလည်း ပိုမို ဖြစ်လာနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် လောင်းကစားဝိုင်းတွေကြောင့် ရပ်ကွက်ထဲ၊ လမ်းဘေး၊ အိမ်ရှေ့တွေမှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေ အခိုးခံရတာ၊ ကားဘက်ထရီအိုးတွေ အခိုးခံရတာ၊ ဈေးသွားဈေးလာတွေရဲ့ ဆွဲကြိုးတွေ လုယက်ခံရတာတွေ မကြာခဏဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကျေးရွာဒေသခံတဦး “အုပ်ကြီး တခြားတာဝန်ရှိတွေနဲ့ ချမ်းသာတဲ့သူတွေပေါင်း လုပ်နေတာ။ ဘယ်သူ သေသေ ငတေမာပြီးရော ဆိုပြီး လုပ်နေတာ။ ဘာမှလည်း စိတ်မရချဖြစ်နေတယ်။ ဦးဆောင် သူတွေက ပူးပေါင်းလုပ်နေတော့ တော်တော်ခက်တယ်။ ဘာအလောင်းကစားကို လုပ်ချင်သလဲ အကုန်ရတယ်။ လူငယ်တွေ အများစုက ဒေသအလုပ်အကိုင်တွေကို စိတ်ပါဝင်စားမှု အားနည်းလာတယ်။ လူငယ်တွေ လမ်းမှားရောက်တော့မယ်။ ကုန်ဈေးနှုန်းတွေက တက်ခေတ် ကာလကမကောင်း၊ စားဖို့နေရေးတွေက အဆင်မပြေတဲ့အထဲ၊ အခုလို အလောင်း ကစားတွေ ရှိနေတာက ဒေသတွက် ကြီးမားတဲ့ ပြဿနာဆိုးပဲ။ တရားမဝင် အလောင်းကစားတွေက တနေ့နဲ့ တနေ့ အတင်းရဲ လာတယ်။ အခုနောက်ပိုင်း ဂျင်ဝိုင်းနဲ့ ကြက်ဝိုင်းတွေလည်း လုပ်လာတယ်။ ဒါတွေကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်စေချင်တယ်”လို့ ပြောပါတယ်။
အခုလို အလောင်းကစားတွေ လုပ်နေတဲ့အတွက် သမာရိုးကျ အလုပ်တွေ မလုပ်တော့ဘဲ ငွေကြေးတတ်နိုင်သူတွေက ရဲတွေ ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး လောင်းကစားဝိုင်းကနေ တင်တဲ့အကြွေးကိုအိမ်တွေ၊ လယ်တွေ၊ စက်တွေနဲ့ တခြားပစ္စည်းတွေကို သိမ်းယူနေတယ်လို့ သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ အရင်ကလည်း တရားမဝင်တဲ့ လောင်းကစားတွေ လုပ်ကိုင်တာရှိပေမဲ့ အခုလိုပေါ်ပေါ်တင်တင်နဲ့ နေရာတိုင်းနီးပါး လုပ်ကိုင်တာမရှိဘဲ အာဏာသိမ်းပြီးနောက် ပိုမိုအတင့်ရဲ လုပ်ကိုင်လာကြတာ ဖြစ်ပါတယ်။