Home
မြန်မာသတင်း
အင်ဂျန်းယန်၌ အခြေခံပညာကျောင်းအချို့ ပိတ်ထားသဖြင့် ကျောင်းသားများ အခက်ကြုံ
DVB
·
December 21, 2023
InGyanYan School_21122023

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်မှာ အခြေခံပညာကျောင်း ၃ ကျောင်းထက်မနည်း ပိတ်ထားတဲ့အတွက် ကျောင်းသူ ကျောင်းသားတွေ ကျောင်းတက်ပညာသင်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အင်ဂျန်းယန်မြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းနှစ်ခုနဲ့ ရဲစခန်းတစ်ခု စွန့်ခွာ ထွက်သွားပြီးနောက် အခြေခံပညာကျောင်းတွေမှာ စာသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေလည်း ကျောင်းပိတ်ပြီး နေရပ်ပြန်သွားတာဖြစ်ပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးက “ကျောင်းတွေလည်း ပိတ်ထားတယ်။ ဆရာမတွေလည်း မရှိတော့ဘူး။ ပြန်သွားကြပြီ။ စစ်တပ်စခန်းနဲ့ ရဲစခန်းတွေ ရုပ်သိမ်းသွားပြီးတဲ့နောက်မှာ ကျောင်းတွေလည်း ပိတ်ပြီးတော့ ဆရာမတွေလည်း ပြန်သွားကြတာ။ ကလေးတွေလည်း ပညာရေးတပိုင်းတစနဲ့ အခက်အခဲ ဖြစ်နေတယ်” လို့ ပြောပါတယ်။

အင်ဂျန်းယန် မြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းနှစ်ခုနဲ့ ရဲစခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်က စခန်းစွန့်ခွာ ထွက်သွားပြီးတဲ့နောက် တာဝန်ကျ ကျောင်းဆရာ ဆရာမတွေလည်း ကျောင်းတွေပိတ်ပြီး နေရပ်ပြန်သွားကြတာ ဖြစ်ပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးက“ကလေးတွေလည်း ကျောင်းနားထားရတာ တစ်လလောက်ရှိသွားပြီ။ တခြားကျောင်းတွေ ပြောင်းထားဖို့လည်း အဆင်မပြေဘူး။ စာမေးပွဲ နီးနေပြီဆိုတော့ တခြားက ကျောင်းတွေကလည်း လက်မခံတော့ဘူး” လို့ ပြောပါတယ်။

အင်ဂျန်းယန်မြို့နယ်ထဲက အင်ဂျန်ယန် အခြေခံပညာအထက်တန်းကျောင်း၊ အင်လော့ဒ်ယန် ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းနဲ့ အင်ဂရန့်ကောက်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွေဟာ ပိတ်ထားတဲ့အတွက်  ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူ ၃၀၀ နီးပါး ပညာဆက်လက် သင်ကြားခွင့် မရတော့ပါဘူး။

Photo - CJ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024