ရန်သူက နျူးကလီးယားလက်နက်နဲ့ ရန်စလာရင် ပြုံယမ်းကလည်း နျူးကလီးယား တိုက်ခိုက်မှုကို တုံ့ဆိုင်းနေမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်သွားပါတယ်။
သိပ်မကြာသေးခင်ကပဲ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) ပစ်လွှတ်မှုနဲ့ပတ်သက်ပြီး စစ်တပ်ရဲ့ ဒုံးကျည်ဗျူရိုလက်အောက်ရှိ စစ်သားတွေနဲ့ တွေ့ဆုံချိန်မှာ ကင်မ်က မှတ်ချက်ပြု ပြောကြားခဲ့တာဖြစ်ကြောင်း နိုင်ငံရဲ့ အစိုးရပိုင် ရုပ်မြင်သံကြား KRT က ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် သူ့သမီးနဲ့အတူ စစ်သားတွေနဲ့ တွေ့ဆုံခဲ့ပြီးတော့ အဖွဲ့လိုက် ဓာတ်ပုံရိုက်နေတဲ့ ကင်မ်ရဲ့ ဓာတ်ပုံတချို့ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ရန်လိုမှု တိုးလာတာကို ဆန့်ကျင်ဖို့ သူ့ရဲ့ နျူးကလီးယားတပ်ဖွဲ့က စစ်ပွဲပြင်ဆင်မှုကို စီမံလုပ်ဆောင်တဲ့အနေနဲ့ နောက်ဆုံးပေါ် ICBM ကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စမ်းသပ်ခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယားက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြောပါတယ်။
ICBM ပစ်လွှတ်မှုအတွက် အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေက ပြစ်တင်ရှုတ်ချကြပါတယ်။ တနင်္လာနေ့က ပစ်လွှတ်လိုက်မှုဟာ စစ်တပ်ရဲ့ မြင့်မားတဲ့ ရွေ့လျားနိုင်စွမ်းနဲ့ လျင်မြန်တဲ့ တိုက်ခိုက်နိုင်စွမ်းကို သရုပ်ပြနိုင်ခဲ့ကြောင်း ကင်မ်က ပြောကြားလိုက်ပြီး သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းဆောင်ရည်ကို ပိုမိုအားကောင်းစေအောင် ကြိုးပမ်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့ကြောင်း KRT က ထုတ်လွှင့်ပါတယ်။
Source/Photo-Reuters