ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ဧရာဝတီမြစ် တဖက်ကမ်း မိုင်းကိုင်နဲ့ မိုင်းစိမ်းကျေးရွာတွေမှာ ဒီဇင်ဘာ ၁၈ ရက်က ဗန်းမော်မြို့ပေါ်မှာရှိတဲ့ စ.က.ခ (၂၁) က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူ ၂ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဗန်းမော် ဒေသခံတွေဆီက သိရပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်း ရှိတယ်လို့ ဗန်းမော်မြို့ခံတဦးက ပြောပါတယ်။
“လွန်ခဲ့တဲ့ရက်တွေက စကခ (၂၁) ကနေ လက်နက်ကြီးတွေ ပစ်တာ ရှိတယ်။ လက်နက်ကြီး ကျတာက ဟိုဘက်ကမ်း မိုင်းကိုင်နဲ့ မိုင်းစိမ်း ရေလယ်ကျွန်းကျေးရွာမှာ လက်နက်ကြီး ကျတယ်လို့ သိရတယ်။ မိုင်းကာမှာက အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ဆုံးသွားတယ်၊ မိုင်းစိမ်မှာက ကလေးတယောက် ဆုံးသွားတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကြောင့် အသက်ဆုံးရှုံးရသူတွေအပြင် ထိခိုက်ဒဏ်ရာ ရရှိသူ ၆ ဦးရှိခဲ့သလို လူနေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ ကျေးရွာပတ်ဝန်းကျင်တွေမှာ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာမရှိသလို အခုလို လက်နက်ကြီး ပစ်ခတ်တာတွေဟာ စစ်ကောင်စီဘက်က KIA နဲ့ PDF တွေ မြို့နားကပ်လာတဲ့ သတင်းတွေ ထွက်ပေါ်တဲ့အချိန်မှာ မြို့ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဗန်းမော်မြို့နယ် KPDF တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“အရင်ကဆိုရင်လည်း ဗန်းမော်မြို့ကနေ PDF တွေ၊ KIA တွေ မြို့နားကပ်လာတယ်ဆိုတဲ့ သတင်းကြားတာတွေ သတင်းတွေထွက်တာ နားစွန်နာဖျား ကြားတာနဲ့ သူတို့ခန့်မှန်းပြီး နေ့စဉ်ရက်ဆက် ပစ်ခတ်တာတွေ ရှိတယ်။ အခုလည်း အဲဒီလိုပဲ ယူဆရတယ်။ အဲဒီဘက်ခြမ်းက ၂၀၂၂ ခုနှစ်ကနေ စစ်တပ်က မရောက်တော့ဘူး၊ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး။”
လက်ရှိ ဗန်းမော်မြို့ ပတ်ဝန်းကျင်မှာ စစ်ရေးအရ ငြိမ်နေတဲ့ အခြေအနေရှိပြီး လွန်ခဲ့တဲ့ ၄ လ လောက်ကတည်းက မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီး ပစ်ခတ်တာတွေ မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ဗန်းမော်မြို့ အထက်နားက မိုးမောက်မြို့ စစ်ကောင်စီ တပ်စခန်းကနေ မြို့ပတ်ဝန်းကျင်ကို လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိသူတွေရှိသလို အသက်ဆုံးရှုံးသူတွေလည်း ရှိခဲ့ပါတယ်။