ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းက အမျိုးသမီးတယောက်ကို လူ ၃ ယောက်က ဓားနဲ့ထောက်ပြီး စစ်ဘေးရှောင်တွေကို ထောက်ပံမယ့် ငွေကျပ် ၂၅ သိန်း လုယက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တွေမြို့ ဆင်ကုလမ်းရပ်ကွက်က အသက် ၂၃ နှစ်အရွယ် မအေးမြတ်ခိုင်ဟာ မနေ့မနက် ၁၀ နာရီ ၁၅ မိနစ်လောက်မှာ ငွေကျပ် ၂၅ သိန်းကို မိဇံရပ်ကွက်က နေအိမ်တအိမ်ကို စက်ဘီးနဲ့သွားပို့တဲ့အချိန်မှာ ဆိုင်ကယ်သမား ၃ ယောက်က ဓားထောက်ပြီး လုယက်ခဲ့တာလို့ စစ်တွေမြို့ ဒေသခံတယောက်က ပြောပါတယ်။
“မအေးမြတ်ခိုင်ဟာ ပရဟိတအဖွဲ့ဝင်တယောက်ပါ။ ပေါက်တောမြို့နယ်က စစ်ဘေးရှောင်တွေကို ထောက်ပံ့ဖို့အတွက် အလှူငွေကျပ် ၂၅ သိန်းကို မိဇံရပ်ကွက်က အဖွဲ့ဝင်တယောက်ရဲ့နေအိမ်ကို စက်ဘီးနဲ့ သွားပို့တာပါ။ စစ်တွေမြို့ ဘီလူးမတံတားနား အရောက်မှာ မျက်နှာမှာ နှာခေါင်းစည်းအမည်းတပ်ထားတဲ့ လူ ၃ ယောက် ဆိုင်ကယ်နဲ့ ရောက်လာပြီး ဓားနဲ့ထောက်ပြီး ငွေကိုတောင်းတာကို မပေးလို့ လက်တွေ၊ ဝမ်းဗိုက်တွေကို ဓားနဲ့ခြစ်ပြီး လုယက်သွားတယ်။”
လုယက်သူတွေဟာ အသက် ၂၅/၂၆ နှစ်ဝန်းကျင်အရွယ်တွေဖြစ်ပြီး အရပ် ၅ ပေ ၅ လက်မလောက်ရှိကာ အင်္ကျီအနက်ရောင် ဝတ်ဆင်ထားသူတယောက်၊ ကြက်သွေးရောင် ဝတ်ဆင်ထားသူတယောက်နဲ့ နောက်တယောက်ကတော့ အင်္ကျီအမည်းကွက် ဝတ်ဆင်ထားတယ်လို့ ပြောပါတယ်။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ရေးအတွက် ULA/AA က စုံစမ်း စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။