ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ပြည်နယ်လွှတ်တော်အမတ် ၁ ဦးကို စစ်ကောင်စီတပ်က NUG နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်မှာ နေထိုင်တဲ့ NLD ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အသက် ၆၃ နှစ်အရွယ် ဦးဇော်ဝင်းမြင့်ကို ဒီဇင်ဘာ ၁၉ ရက် ည ၇ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲအင်အား ၂၀ လောက်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားကြတာလို့ ကျောက်ဖြူဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ဦးဇော်ဝင်းမြင့်ဟာ အမ်းမြို့နယ်ဇာတိဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ကနေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး သူ့ကို NUG၊ CRPH၊ PDF တွေနဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတာလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျောက်ဖြူမြို့နယ် အတွင်းမှာ ဒေသခံပြည်သူ ၈၀ ထက်မနည်းကို ULA/AA နဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့သလို ဒေသခံပြည်သူတချို့ကိုတော့ ဒေသန္တရဥပဒေနဲ့ ဖမ်းဆီးအရေးယူထား ပါတယ်။