Home
ဆောင်းပါး
နေ့လား ညလား ကြင်စိုး
DVB
·
December 21, 2023
Satire PhayGyi_21122023

(က)

အဘစောမူးသာတို့အိမ်က နံနက်ခင်းရေနွေးကြမ်း စကားဝိုင်းမှာ လူစုံလှပါလေ၏။

စစ်ပြန်ကြီး အဘလုံးတုံး၊ အဘရစ်ချတ်၊ စိမ်းသရဖူစိမ်း အဘစိမ်းမောင်တို့သာမက ဖေကြီးနှင့် သိပ်မရင်းသည့် အဘတဦးပါ ပါပါလေ၏ခင်ဗျာ။ နောက်မှသိရသည်မှာ ထိုအဘမှာ ‘စစ်ဆေးဗိုလ်ကြီး’ တဦး၏ ယောက္ခမလောင်းဖြစ်ပါသည်တဲ့ ခင်ဗျ။

စကားဝိုင်းမှာ ဦးဆောင်အကြောင်းအရာကား ကမ္ဘာကျော်လူယုတ်မာကြီးတဦးဖြစ်သူ ကြင်စိုး သာဝ မအလ၏ ကမ်းကုန်အောင် မိုက်တွင်းနက်ရင်း လမ်းပျောက်ချောင်ပိတ်ကာ နိဂုံးချုပ်တော့မည့် ဖြစ်ရပ်သာ ဖြစ်ပါပေလေ၏။

“မြန်မာ့သမိုင်းမှာ အယုတ်မာဆုံး အရက်စက်ဆုံးနဲ့ အညံ့ဖျင်းဆုံး ဘုရင်ရူးကတော့ သိပ်မကြာခင် ‘လစ်’ ရတော့မှာ”

အဘစောမူးသာ၏စကားကို ခေါင်းတညိတ်ညိတ် လုပ်နေကြချိန်မှာ အဘစိမ်းမောင်ကား ခေါင်းတခါခါပါ ခင်ဗျ။ အစွန်းရောက် အစိမ်းစွဲ ဘောမများသည်ကား သူတို့ကိုးကွယ်နေသည့် ပုဂ္ဂိုလ်လျှော် မြေမြိုသွားရင်တောင်မှ ဆက်လက်ပြီး မိုက်မိုက်ကန်းကန်း ကိုးကွယ်နေကြလိမ့်ဦးမည်ဟု ထင်ပါ၏။

“မင်းတို့ကသာ ဗိုလ်ချုပ်မှူးကြီးကို ‘လစ်’ တော့မယ် ‘လစ်’ တော့မယ် ပြောနေတာ . . . ဟိုကတော့ အေးအေးဆေးဆေးပဲ။ အသွားအလာမပျက်၊ ဗိုလ်သင်တန်းဆင်းပွဲတွေမှာတောင် မိန့်ခွန်းအပြောမပျက်ဘူး ဟကောင်တွေရ”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

အဘစိမ်းမောင့်စကားအဆုံး ‘အုံး’ ကနဲ ထရယ်လိုက်ကြတော့ “ဘာရယ်စရာပါလို့လဲ” ဟု မေးပါလေ၏။

အဘလုံးတုံးက “သိချင်ရင်ပြောပြမယ်” ဟုဆိုကာ ပြောပြပါလေ၏။

“မင်းတို့အဘ မအလက အခုဆိုရင် ဗိုလ်သင်တန်းဆင်းပွဲကိုတောင်မှ လျှို့ဝှက်ပြီး ကျင်းပနေရတဲ့ အခြေအနေကို ရောက်နေပြီမဟုတ်လား”

“ဘယ်မှာ လျှို့ဝှက်ကျင်းပရလို့လဲဟ၊ သင်တန်းဆင်းပွဲတွေကို TV ကနေ လွှင့်ထုတ်ပေးနေတာပဲ”

“ဝါး . . . . . ဟားဟား ဟားဟား ဟားဟား”

သူ့စကားကို ထပ်ပြီးရယ်ကြတော့ ထပ်ပြီးတင်းသွားကာ ဘုကြည့် ကြည့်ပါ၏။ ထိုအခါ ကျန်အဘတွေက ရှင်းပြကြရပါလေ၏။

“အေး . . . ဗိုလ်သင်တန်းဆင်းပွဲက ၁ ရက်နေ့မှာလုပ်တယ်ဆို မင်းတို့အဘ မအလက အဲသည် ၁ ရက်နေ့မှာ တက်ရောက်မိန့်ခွန်းပြောပြီး အဲသည် ၁ ရက်နေ့ညမှာပဲ TV သတင်း ပြရမှာလေကွာ”

“အေးလေ . . . အဲဒါ ဘာဖြစ်လို့လဲ”

“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . အခုတော့ ၁ ရက်နေ့ ဗိုလ်သင်တန်းဆင်းပွဲသတင်းကို ၈ ရက်နေ့ကျမှ TV က လွှင့်ထုတ် ပြသရဲတယ်ဆိုတော့ကာ . . . မင်းတို့အဘ မအလရဲ့အခြေအနေကို မင်းတို့ပဲ စဉ်းစားကြည့်လကွာ”

“ဝါး . . . . . ဟားဟား ဟားဟား ဟားဟား”

သိပ်မကြာခင်မှာပဲ အဘစောမူးသာက စိုးလွင်လွင်၏ ‘ငယ်သူမို့’ သံစဉ်ကို စာမြှောင်ကပ်ပြီး သီချင်းတပုဒ် ဆိုညည်းလိုက်လေရာ ကျွန်ုပ်တို့မှာ ထပ်မံ၍ ရယ်မောကြရပါလေသတည်း။

“စိတ်အလိုကိုလိုက်ကာ အာဏာလေးသိမ်းခဲ့မိတဲ့ အကျိုးအမြတ် ရလဒ်ဟာ လမ်းဆုံးတော့ နာမယ်ထင်တယ်ဗျာ ပုန်းအောင်းလို့သာနေရတာ”

(ခ)

စကားဝိုင်းမှာ ကြင်စိုး သာဝ မအလကြောင့် မြို့တွေပျက်၊ ရွာတွေပြာကျ၊ စာသင်ကျောင်းတွေ ပျက်စီး၊ ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ ဗလီများ များပြားစွာ ပြိုလဲခဲ့ရကာ မြန်မာနိုင်ငံသားအားလုံး အတိဒုက္ခရောက်နေရပုံတွေကို ပြောကြ ဆိုကြပါ၏။

“မိတကွဲ ဖတကွဲတွေ ဖြစ်ကြ၊ မိဘမဲ့တွေဖြစ်ကြ၊ သားမဲ့သမီးမဲ့တွေဖြစ်ကြ . . . ဒီကောင် မအလကြောင့် အားလုံးဒုက္ခရောက်ကြရတာ”

“အေးကွ . . . ရွှေလက်တွဲဖို့ စီစဉ်ထားကြတဲ့ ချစ်သူတွေတောင်မှ ဒီ မအလကြောင့် ပေါင်းဖက်ဖို့အရေး ဝေးကွာသွားကြသူတွေ ဗမာပြည်မှာ အများကြီးကွ အများကြီး”

ဝင်ပြောလာသူကား ‘ဆေးဗိုလ်ကြီး’ ၏ ယောက္ခမလောင်းဖြစ်သူ အဘပင်တည်း။ သူ၏မှတ်ချက်က စိတ်ဝင်စားစရာဖြစ်လေရာ အဘရစ်ချတ်က မေးပါလေ၏။

“လူယုတ်မာ မအလဟာ အတော့်ကို ဆိုးတဲ့အကောင်ပဲ၊ ချစ်သူ ရည်းစားတွေကိုတောင်မှ ရှင်ကွဲ ခွဲတယ် ဆိုပါတော့”

“အေးကွ . . . ငါတို့က ‘ကိုယ်တွေ့’ လေ”

“အင်း . . . ဆိုပါဦး ကျင်မောင်ရ”

လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်လောက်ကတည်းက စစ်ဆေးဗိုလ်ကြီးဖြစ်ခဲ့သူ သူ့သားမက်လောင်းနဲ့ သူ့သမီးတို့မှာ စေ့စပ်ကြောင်းလမ်းထားခဲ့ပြီးဖြစ်ကာ ၂၀၂၁ ခုနှစ်ထဲမှာ မင်္ဂလာဧည့်ခံပွဲကျင်းပဖို့ စီစဉ်နေဆဲ မအလက ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ထကြွပုန်ကန်ပြီး အာဏာလုလိုက်တာကြောင့် မင်္ဂလာပွဲကို နောက်သို့ ရွှေ့ ရွှေ့ ရွှေ့ ရွှေ့ လာလိုက်တာ ခုချိန်အထိ မကျင်းပနိုင်တော့ပါဘူးတဲ့။

“အခုတော့ ငါ့သမီးလေး လက်ထပ်ဖြစ်ဖို့တောင် မလွယ်တော့ပါဘူးကွာ”

“ဟေ . . . ဘာဖြစ်လို့လဲဟကောင်ရ”

“ဟူး . . . . . . . . . . .”

ထိုအဘက သက်ပြင်းမှုတ်ထုတ်ကာ ဖြစ်သမျှအကြောင်းကို ဇာတ်စုံခင်းပြပါလေ၏။ ပထမစီစဉ်ထားသည်မှာ စစ်ဆေးဗိုလ်ကြီးဇာတိမြို့က မင်္ဂလာခန်းမကြီးတခုမှာ မင်းပရိသတ်စုံညီ မိတ်ဆွေသင်္ဂဟ သိုက်သိုက်ဝန်းဝန်းနဲ့ မင်္ဂလာပွဲ ဆင်ကာနွှဲပြီး နောက်တပတ်ကျတော့ သတို့သမီးဇာတိမှာ ဒေသရဲ့ ဓလေ့နဲ့အညီ ရွာလုံးကျွတ် မီးခိုးတိတ်ဖိတ်လို့ နောက်ထပ်ဧည့်ခံပွဲ ဆင်ကာနွှဲကြဖို့ပါတဲ့။ ဒါကား မဖြစ်ခဲ့။

အခုလည်း မင်္ဂလာပွဲလုပ်ဖို့ မကြာခဏ လှမ်းလှမ်းပြီး မေးပါသတဲ့။ ဘယ်လိုဆောင်ကြမလဲလို့ ပြန်မေးကြည့်တော့ သူ့ဇာတိမြို့က ဟိုတယ်တခုမှာ လူအစိတ်လောက်ဆန့်တဲ့ အခန်းငှား၊ နှစ်ဖက်မိဘဆွေမျိုး အနည်းငယ်လောက်နဲ့ပဲ မင်္ဂလာဆွမ်းကျွေး လုပ်ကြပါမယ်တဲ့။ မိန်းကလေးဘက်မှာ ဒုတိယပွဲထပ်လုပ်ဖို့တော့ အခက်အခဲ ရှိပါသတဲ့။

“အေးကွာ . . . သူ့ဟာနဲ့သူ အဆင်ပြေပြီး တိုးတက်စပြုနေတဲ့နိုင်ငံကို ဒီကောင် မအလ ဖျက်ဆီးလိုက်မှပဲ သတို့သားနဲ့ သတိုးသမီးတွေဟာ ‘ကောင်းကင်’ ကို တထိတ်ထိတ်နဲ့ မော့မော့ကြည့်ပြီး ခိုးကြောင်ခိုးဝှက် မင်္ဂလာဆောင်ရမယ့်ကိန်း ဆိုက်နေပြီပေါ့ဗျား”

“ဟားဟား ဟားဟား ဟားဟား ဟားဟား”

အဘလုံးတုံးစကားကို ပေါ့ပေါ့ပါးပါး ရယ်လိုက်ကြပါလေ၏။ စစ်ဆေးဗိုလ်ကြီး၏ ယောက္ခမလောင်း အဘလည်း ရယ်မောပါလေ၏။ အဘစိမ်းမောင်ကား မရယ်မပြုံး မှုန်တေတေ။

စစ်ဆေးဗိုလ်ကြီး၏ ယောက္ခမလောင်းအဘမှာ မအလကို တွင်တွင်ဆဲပါ၏။ ‘ဒင်း’ ကြောင့် တနိုင်ငံလုံး ဒုက္ခရောက်ခဲ့ရတာ၊ ‘ဒင်း’ မြန်မြန်သေမှ အေးမယ်ဟုလည်း ဆိုပါ၏။ ထိုစဉ်မှာပင် အဘရစ်ချတ်နှုတ်မှ စာမြှောင်သွပ် သီချင်းတပုဒ် ရုတ်တရက် ပေါ်ထွက်လာပါ၏။

“တိမ်ပြာပြာနေ့တနေ့ ဆန်းဒေးမှာကွယ်

မင်္ဂလာဆောင်ပွဲလေး ကျင်းပချင်ပါတယ် . . .

အပေါ်ဘက်ကို မော့ မော့ ကြည့်ပါ

အချစ်လေးရယ် . . . ဘယ်လိုလဲ ပြော . . .”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

(ဂ)

အဘရစ်ချတ်၏ လက်တန်းသီချင်းကို ဟားကြအပြီးမှာ စကားဝိုင်းကို ဆက်ကြပါလေ၏။ အဘစောမူးသာက ထိုအဘကို မေးပါ၏။

“ဒီတော့ မင်္ဂလာဆောင်ဖို့ကိစ္စကို ဘယ်လိုဆက်ပြီး ဆောင်ရွက်ဖို့ စီစဉ်ထားသလဲ”

“အဲ . . . အခုမှ အခက်ကြီးခက်တဲ့အဆင့်ကို ရောက်နေတာကွ မူးသာရ”

“ဘယ်လိုဖြစ်နေလို့လဲ ကျင်မောင်”

“အင်း . . . ကောင်လေးနဲ့ သမီးတို့က စေ့စပ်ထားတာလည်း လေးငါးခြောက်နှစ်ရှိပြီ၊ ဘဝတသက်တာလက်တွဲဖို့ ရည်ရွယ်ထားကြသူတွေပီပီ တဦးနဲ့တဦးလည်း သစ္စာမပျက်ကြဘူး။ အခုဆိုရင် သူတို့အသက်တွေကလည်း ၃၅ တွေ ၃၆ တွေ ဖြစ်နေပြီ”

“အေးလေ . . . အဲသည်တော့ . . .”

“အခုလည်း မင်္ဂလာပွဲလုပ်ဖို့ မကြာမကြာ လှမ်းလှမ်းပြီးမေးလာရင် အဖြေရခက်နေတာ”

“ဘယ်လို အဖြေရကြပ်နေတာလဲဟ”

သားမက်လောင်းမှာ ဘာအပြစ်မှမရှိသော်လည်း လောလောဆယ်မှာ သူသည် မအလ၏ ဖက်ဆစ် ခွေးသွားစိတ် ဖြစ်နေခြင်းကြောင့် အစစအရာရာအတွက် ပြန်လည်သုံးသပ် စဉ်းစားနေရချိန်ဖြစ်ကြောင်း ပြောပြလာပါလေ၏။

“အေးကွာ . . . တကယ့်ကို စိတ်မကောင်းစရာပါ ကျင်မောင်ရာ . . ပုံမှန်အခြေအနေဆိုရင် အစစအရာရာ အားလုံးအဆင်ပြေပြေနဲ့ ပျော်စရာပွဲကြီးဖြစ်မှာ”

“အင်း . . .”

“အခုတော့ မအလတပ်ကလူတွေဟာ မင်္ဂလာဆောင်တာတောင်မှ ခိုးကြောင်ခိုးဝှက်တွေဘာတွေ လုပ်နေကြရပြီဆိုတော့ မအလဟာ ဘယ်လောက်ဆိုးသလဲဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့ကွာ”

“ဟူး . . . . . . . . . .”

အဘကျင်မောင့်သမီး ဆရာမလေးနဲ့ ထိုစစ်ဆေးဆရာဝန်လေးတို့လို ဇာတ်လမ်းတူ ဖြစ်ရပ်ဆင်ကိစ္စများကား မြန်မာပြည်အနှံ့အပြားမှာ အတော်များများဖြစ်ခဲ့တာ ကြားသိရပါလေ၏။

တချို့မှာကား မင်္ဂလာပွဲကို အပြီးတိုင် ဖျက်သိမ်းလိုက်ကြသည်အထိကို ရှိခဲ့ပါလေ၏။ တချို့လည်း ခိုးကြောင်ခိုးဝှက် မင်္ဂလာဆောင်ပြီးတာနဲ့ လက်ထပ်ခွင့်မကုန်ခင်လေးမှာတင် CDM လုပ်ကာ လွတ်ရာကျွတ်ရာသို့ ထွက်ခွာသွားကြသူတွေလည်း ရှိပါလေ၏။ CDM လုပ်ချင်ကြသော်ငြား အခြေအနေအရပ်ရပ်အရ ကျရာတပ်မှာ ဆက်မှေးနေရင်း ဖရဲခင်းထဲက ဖရဲသီးလို အနေအထားနဲ့ မြွေကစားနေကြရသူတွေလည်း အများကြီး ဖြစ်ပါပေလေ၏။

အချုပ်ဆိုရရင်တော့ ကြင်စိုး သာဝ မအလဟာ အချုပ်အခြာအာဏာကိုလည်း ဖျက်ဆီးပြီးပြီ၊ ဗုဒ္ဓဘာသာ သာသနာကိုလည်း ဖျက်ဆီးပြီးပြီ၊ စီးပွားရေးကိုလည်း ဖျက်ဆီးပြီးပြီ။ ကြီးပွားရေးကိုလည်း ဖျက်ဆီးပြီးပြီ။ အခုနောက်ဆုံး သမီးရည်းစားအရေးကိုပါ ဖျက်ဆီးသူ ဖြစ်လာပြီဟု အဘလုံးတုံးက ကောက်ချက်ချပါလေ၏။

မှတ်ချက်စကားကို ပြုံး၍ နားထောင်နေသည့် အဘစောမူးသာ၏မျက်ဝန်းမှာ လက်ကနဲ ဖြစ်သွားပါလေ၏။ ပြီးတော့ ရေနွေးကြမ်းပူပူတခွက်ကို မှုတ်နေကာ ညာဘက်လက်ချောင်းကလေးများဖြင့် ကြမ်းခင်းကို စည်းချက်ကျကျ တဒေါက်ဒေါက် ခေါက်နေပါလေ၏။ မကြာခင်မှာပင် သူ၏ ဘယ်သံဝါကြီးဖြင့် လက်တန်းသီချင်းတပုဒ်ကို ကျွန်ုပ်တို့ ကြားကြရပါလေတော့၏ ခင်ဗျား။

“(စီးပွားရေးရယ် ကြီးပွားရေး ရယ်

သမီးရည်းစားအရေးလည်း မွှေကာနေ) ၂

ဇမ္ဗူတဝန်းမှာ  ဂျပုဖမ်းမယ့်သူတွေ

အောင်ပါစေ . . .

မင်္ဂလာရက်မြတ် ဂျပုသတ်မယ့်သူတွေ

အောင်ပါစေ . . .

ရွှေရေချမ်း လောင်းလို့လေ

ကောင်းမြတ်တဲ့ ပြည်သူ မေတ္တာဝေ”

ဖေကြီး(လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024