ကရင်အမျိုးသားအစည်းရုံး(ကေအန်ယူ) ထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ ၁ မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်လို့ ထိခိုက်သူတွေ ရှိနေတဲ့အတွက် ဗုံးခိုကျင်းတွေ စတင်တူးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လက်နက်ကြီးပစ်တဲ့အခါ အရေးပေါ်ရှောင်ပုန်းလို့ရအောင် ရွာသားတွေက အိမ်နဲ့နီးရာမှာ ကျင်းတူးထားပါတယ်။ ဗုံးခိုကျင်းတွေ တူးကြဖို့ ကေအန်ယူကလည်း စာထုတ်ထားသလို ကျေးရွာတွေရှိ နေအိမ်တိုင်းလိုလိုမှာ စတူးနေကြပါတယ်။
တော်လှန်ရေးအင်အားစုဝင်တဦးက “အရင်ကတော့ မတူးထားဘူး။ ဒီတလောက ကေအန်ယူက ဗုံးခိုကျင်းတွေ တူးဖို့ အမိန့်စာထုတ်တယ်လို့တော့ ကြားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က မကြာခဏ လက်နက်ကြီးပစ်လို့ ဒေသခံတွေဟာ စီးပွားရေးလုပ်ငန်းတွေလည်း မလုပ်ကိုင်နိုင်ဘဲ အသက်ဘေးအတွက် စိုးရိမ်နေကြရပါတယ်။
ဒေသခံတဦးက “ဟိုတလောက ပစ်ချလိုက်တာ ရွာသား ၂ ယောက် ထိသွားတယ်လေ။ အိမ်ခေါင်းရင်းက တယောက် ပါသွားတယ်။ နောက်ထပ် ဟိုးဘက်နားက တယောက်ပါသွား သေးတယ်လေ။ အဲဒီတော့မှ ထတူးကြတာလေ။ လက်နက်ကြီးကတော့ မကြာမကြာ ပစ်နေတာပဲ။ တခါရှောင်တုန်းကဆို ပိုက်ဆံမရှိတော့ အတိုးနဲ့ယူပြီး ချေးရတယ်”လို့ ပြောရပါတယ်။
တချို့ဒေသခံတွေကတော့ နေအိမ်အနီးမှာ ဗုံးခိုကျင်းမတူးဘဲ တောထဲရှောင်ကြတယ်လို့ ဒေသခံအမျိုးသမီးတဦးက ဆိုပါတယ်။
ဒေသခံအမျိုးသမီးက “အိမ်မှာတော့ မတူးတော့ဘူး။ တောထဲမှာက ပိုလုံခြုံတာပေါ့။ ဒီလထဲမှာပဲ အထက်(ကေအန်ယူ)က ရွာထဲကလူတွေကို အစည်းဝေးခေါ်တယ်။ ဗုံးခိုကျင်းတွေ တူးဖို့ပေါ့” လို့ ဆိုပါတယ်။
တပ်မဟာ ၁ မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် သေဆုံးတဲ့ ဒေသခံတွေရှိသလို လူနေအဆောက်အဦ၊ အိမ်မွေးတိရစ္ဆာန်တွေအပြင် စာသင်ကျောင်း မကြာခဏ ပျက်စီး သေဆုံးတာတွေ ကြုံတွေ့နေရပါတယ်။