ဂျပန်ရောက်မြန်မာတွေအနေနဲ့ တလကို မြန်မာငွေ ကျပ် ၅၀,၀၀၀ နီးပါးနဲ့ညီမျှတဲ့ ယန်း ၂,၀၀၀ ကို ဝင်ငွေခွန် ပေးဆောင်ရမယ်လို့ စစ်ကောင်စီသံရုံးက ကြေညာပါတယ်။
ဂျပန်ရောက် မြန်မာလုပ်သားတွေရဲ့လစာကို တလ ယန်းနှစ်သိန်းနဲ့ ပျမ်းမျှတွက်ထားပြီး ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း တွက်ချက်မှုအရ ယန်း ၄,၀၀၀ ဖြစ်ပေမဲ့ ယန်း ၂,၀၀၀ ကို သက်သာခွင့်ပေးမှာဖြစ်လို့ ကျန်ယန်း ၂၀၀၀ ကိုပဲ ဝင်ငွေခွန်ဆောင်ရမယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တလဝင်ငွေ ယန်းနှစ်သိန်း မပြည့်သူတွေအနေနဲ့ အထောက်အထားနဲ့ တင်ပြမယ်ဆိုရင် ဝင်ငွေကို ယန်းတသိန်းခွဲ သတ်မှတ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီသူတွေရဲ့ လစာဝင်ငွေ ယန်းတသိန်းခွဲအတွက် အခွန်နှစ်ရာခိုင်နှုန်းက ယန်း ၃,၀၀၀ ဖြစ်ပေမဲ့ သက်သာခွင့်အနေနဲ့ ယန်း ၂,၀၀၀ ပေးသွားမှာဖြစ်လို့ ယန်း ၁,၀၀၀ အခွန်ဆောင်ရမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီသံရုံးက အခွန်ပေးဆောင်ဖို့ အသိပေးလာတဲ့အပေါ် စိတ်ပျက်ရကြောင်းနဲ့ ပေးဆောင်ဖို့ ဆန္ဒမရှိဘူးလို့ ဂျပန်ရောက် မြန်မာလုပ်သားတချို့က ဆိုပါတယ်။
ကုန်ထုတ်လုပ်ငန်းတခုမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတဦးက “ပတ်စ်ပို့သက်တမ်းကုန်လည်း ဗီဇာနဲ့ ဆက်နေလို့ရတော့ အခွန်မဆောင်ဘူးလို့တော့ ဆုံးဖြတ်ထားတယ်။ ကိုယ်ပေးလိုက်တဲ့ပိုက်ဆံက ကိုယ့်ပြည်သူတွေကို ဒုက္ခပေးမလို့ဆိုတဲ့ အသိကြောင့် အခွန်ဆောင်ဖို့ ဆန္ဒမရှိဘူး” လို့ ပြောပါတယ်။
ဂျပန်နိုင်ငံရှိ စစ်ကောင်စီသံရုံးက အခွန်ဆောင်သူတွေကို ဝင်ငွေခွန်ပေးဆောင်ပြီးကြောင်း ပြေစာအထောက်အထား ထုတ်ပေးသွားမှာ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
လက်ရှိ ဂျပန်နိုင်ငံမှာ မြန်မာလုပ်သား ၅၀,၀၀၀ နီးပါး ရောက်ရှိလုပ်ကိုင်နေကြတယ်လို့ အလုပ်သမားရေးရာ မှတ်တမ်းတွေအရ သိရပါတယ်။
ပြည်ပရှိ စစ်ကောင်စီသံရုံးတွေဟာ ဝင်ငွေခွန်ပေးဆောင်ဖို့ ကြေညာချက်တွေ ဆက်တိုက် ထုတ်ပြန်နေသလို စတင်ကောက်ယူနေကြတာလည်း ဖြစ်ပါတယ်။
ဝင်ငွေခွန်ကို ခြောက်လစာ တခါတည်း ကောက်ယူနေတာဖြစ်ပြီး အခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးပေးမယ်ဆိုပြီး အကျပ်ကိုင်ထားကြတယ်လို့ ပြည်ပရောက် မြန်မာတွေက ဆိုပါတယ်။
လက်ရှိမှာ ဂျပန်နိုင်ငံအပြင် ထိုင်း၊ မလေးရှား၊ စင်ကာပူနဲ့ တောင်ကိုရီးယားနိုင်ငံတို့ရှိ သံရုံးတွေက မြန်မာနိုင်ငံသားတွေဆီက ဝင်ငွေခွန် စတင်ကောက်ယူနေသလို ပြည်သူတွေကြားမှာလည်း ဝေဖန်မှု မြင့်တက်နေပါတယ်။