Home
နိုင်ငံတကာ
ရွှေ့ပြောင်းအခြေချနေထိုင်သူများ လက်ခံခြင်းဆိုင်ရာ စည်းမျဉ်းသစ် အီးယူ သဘောတူ
DVB
·
December 21, 2023
FILE PHOTO: European Union leaders' summit in Brussels

ဥရောပသမဂ္ဂ (အီးယူ)ဟာ ရွှေ့ပြောင်းအခြေချနေထိုင်သူများ လက်ခံခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေနဲ့ ကုန်ကျစရိတ်တွေကို အညီအမျှ မျှဝေခံကြဖို့နဲ့ ဝင်လာသူ ဦးရေကို ကန့်သတ်ဖို့ဆိုတဲ့ စည်းမျဉ်းသစ်တွေကို ဒီဇင်ဘာ ၂၀ ရက် အစောပိုင်းက သဘောတူညီချက် ရရှိခဲ့ပါတယ်။

ဥရောပပါလီမန်နဲ့ အီးယူအစိုးရတွေရဲ့ ကိုယ်စားလှယ်တွေဟာ လာမယ့်နှစ်မှာ စတင်အသက်ဝင်မယ့် ရွှေ့ပြောင်းနေထိုင်မှုနဲ့ ခိုလှုံခွင့်ဆိုင်ရာ သဘောတူညီချက်သစ်လို့ ခေါ်ဝေါ်တဲ့ အီးယူဥပဒေတွေနဲ့ပတ်သက်ပြီး ညလုံးပေါက် ဆွေးနွေးပြီးနောက်မှာ သဘောတူညီချက်တရပ် ရရှိခဲ့တာပါ။

ဥပဒေတွေဟာ ဥရောပသမဂ္ဂကို ရောက်ရှိလာချိန်မှာ မမှန်မကန် ရွှေ့ပြောင်းနေထိုင်သူတွေကို စိစစ်တာ၊ ခိုလှုံခွင့်လျှောက်လွှာတွေကို ကိုင်တွယ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ လျှောက်လွှာတွေကို ကိုင်တွယ်ရာမှာ ဘယ်အီးယူနိုင်ငံမှာ တာဝန်ရှိကြောင်း ဆုံးဖြတ်တာနဲ့ ဆိုင်တဲ့ စည်းမျဉ်းတွေနဲ့ အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းနည်းတွေ ပါဝင်ပါတယ်။

ဥရောပသမဂ္ဂကို ရွှေ့ပြောင်းဝင်ရောက်မှုဟာ ၂၀၁၅ ခုနှစ်ကထက် ၁ သန်းကျော် ကျဆင်းသွားပေမဲ့ ထက်ဝက်ကျော်ဟာ ၂၀၂၀ ပြည့်နှစ်မှာ အနိမ့်ဆုံးကနေ ဒီနှစ်နို၀င်ဘာလအထိ ၂၅၅,၀၀၀ အထိ တဖြည်းဖြည်းတိုးလာခဲ့တာဖြစ်ပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူ ထက်ဝက်ကျော်ဟာ မြေထဲပင်လယ်ကို ဖြတ်ကူးပြီး အာဖရိကမှ အီတလီ သို့မဟုတ် မော်လ်တာ အထိ သွားရောက်ကြတာပါ။ 

အရှေ့ဥရောပအဖွဲ့ဝင်တွေ အထူးသဖြင့် ဂရိ၊ အီတလီနဲ့ တခြားနိုင်ငံတွေကို ရောက်ရှိလာသူတွေကို ခေါ်ယူဖို့ ဆန္ဒမရှိကြတာကြောင့် အရင်ကတည်းက ရွှေ့ပြောင်း အခြေချနေထိုင်သူများလက်ခံရေးတာဝန်ကို မျှဝေယူကြဖို့ ကြိုးပမ်းခဲ့ကြတာပါ။

စနစ်သစ်အရ နယ်စပ်ချင်း ထိကပ်မနေတဲ့ နိုင်ငံတွေဟာ ဒုက္ခသည်တွေကို လက်ခံမလား ဒါမှမဟုတ် အီးယူရန်ပုံငွေ ထည့်ဝင်ပေးဆောင်မလားဆိုတဲ့ ရွေးချယ်ခွင့် ရှိမှာဖြစ်ပါတယ်။

ကြိုတင်မျှော်မှန်းထားတဲ့ စိစစ်ရေးစနစ်ဟာ နိုင်ငံတကာအကာအကွယ် လိုအပ်နေသူတွေနဲ့ မလိုအပ်တဲ့ တခြားသူတွေအကြား ခွဲခြားပေးမှာလည်း ဖြစ်ပါတယ်။

အိန္ဒိယ၊ တူနီးရှား သို့မဟုတ် တူရကီတို့လို အောင်မြင်မှု အခွင့်အလမ်း နည်းပါးတဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေကို လုံခြုံရေးကို ခြိမ်းခြောက်မှုလို့ လူတွေမြင်ကြသလိုပဲ အီးယူထဲကို မ၀င်အောင် တားဆီးနိုင်ပြီး နယ်စပ်မှာတင် အဖမ်းဆီးခံရနိုင်ပါတယ်။

အဲဒီစနစ်သစ်ဟာ အီးယူနယ်စပ်မှာရှိကြတဲ့ အကျဉ်းစခန်းတွေကို အရေအတွက် ပမာဏ များများ ရောက်လာအောင် ဖန်တီးပေးလိမ့်မယ် လို့ ဒုက္ခသည်အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ 

Source/Photo- REUTERS/Johanna Geron

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024