Home
မြန်မာသတင်း
ထုတ်လုပ်မှုစရိတ် မြင့်တက်လာသဖြင့် မွန်ပြည်နယ်ရှိ ဆားကွင်းအချို့ ရပ်နား
DVB
·
December 21, 2023
Salt Field_21122023

မွန်ပြည်နယ်အတွင်းရှိ နေလှန်းဆားကွင်းတချို့ဟာ ထုတ်လုပ်မှုစရိတ် မြင့်တက်လာတာနဲ့ ဆားကြမ်းဈေးနှုန်း ကျဆင်းတာတွေကြောင့် ရပ်နားထားရတယ်လို့ နေလှန်းဆားလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။

ဆားကြမ်းထုတ်လုပ်ရာမှာ အသုံးပြုရတဲ့ စက်သုံးဆီဈေးနှုန်းနဲ့ အလုပ်သမားခ အပါအဝင် အထွေထွေကုန်ကျစရိတ်မှာ အရင်နှစ်ကထက် တိုးလာခဲ့ပေမဲ့ ဆားကြမ်းဈေးနှုန်း ကျဆင်းခဲ့တာကြောင့် လုပ်ငန်းတွေ ရပ်နားထားရတာဖြစ်တယ်လို့ ဆားကြမ်းလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

“ဆားကွင်းရေသွင်းဖို့ လိုအပ်တဲ့ စက်သုံးဆီဈေးဟာ အရင်နှစ်ကထက် တက်လာသလို အခု ဝယ်လို့တောင်မလွယ်ဘူး။ အလုပ်သမားဈေးလည်း တက်တယ်။ အရင်နှစ်က အမျိုးသမီး ကျပ် ၅,၀၀၀၊ အမျိုးသား ၇,၀၀၀ ဆို အခုနှစ်မှာ ၂,၀၀၀ စီလောက် ထပ်တက်တယ်။ နောက်ပြီး ရေတင်၊ စက်မောင်း လခစားတွေလည်း လုပ်ခလိုက်တက်ပေးရသလို ‌ပိဿာနဲ့ ဆားထမ်းတဲ့ သူတွေလည်း တိုးပေးရတာပေါ့။ ဆားဈေး အခုကျလာတော့ ဆားကွင်းလုပ်နေပြီးသားသူတွေက ဆက်လုပ်ပေမဲ့ တချို့ကတော့ နားလိုက်ပါပြီ။”

မွန်ပြည်နယ်မှာ မိုးတွင်းကာလက ဆားကြမ်းဈေး တပိဿာကို ကျပ် ၂၅၀ အထိ ရရှိခဲ့ပေမဲ့ ဒီနေ့ဈေးနှုန်းအရ ဆားကြမ်းတပိဿာကို ကျပ် ၁၄၀ မှ ၁၅၀ အထိ ကျဆင်းခဲ့ပါတယ်။

ဆားကြမ်းထုတ်လုပ်မှုစရိတ် မြင့်တက်ပြီး ဆားကြမ်းဈေးနှုန်း ကျဆင်းပေမဲ့ ဆားကွင်းမလုပ်ဘဲ ပစ်ထားလိုက်ရင် ပြင်ဆင်စရိတ်က ဆားကြမ်းလုပ်ငန်းလုပ်ကိုင်တဲ့ အရှုံးထက် ပိုများနေတာကြောင့် ဆက်လက်လုပ်ကိုင်နေတာ ဖြစ်တယ်လို့ သံဖြူဇရပ်(ပင)ရှိ ဆားကြမ်းလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

“အထွေထွေကုန်ကျစရိတ် တက်နေပေမဲ့ ဆက်လက်လုပ်ကိုင်နေတဲ့သူတွေက မရပ်ပါဘူး။ ဆားကြမ်း ၁၅၀ အောက်ရောက်ရင် ဆားထုတ်လုပ်တဲ့သူတွေ အသက်ရှူကျပ်လာတာ ဆိုပေမဲ့ မလုပ်ဘဲ အဲ့ဆားကွင်းကို ပစ်ထားလိုက်ပြီး နောက်ပြန်လုပ်ရင် ပြင်ဆင်စရိတ်က အဲဒီအရှုံးထက် ပိုကုန်တယ်။ နောက်ပြီး ဆားကွင်းတခုမှာ မှီခိုနေတဲ့ မိသားစုက တဆယ်ကျော်တော့ သူတို့ဘက်ကိုလည်း ကြည့်ပေးရဦးမှာပေါ့။ တကယ်လို့ ကိုယ်က မလုပ်‌ဖို့ဆုံးဖြတ်ပြီးလို့ အဲဒီအလုပ်သမား ထွက်သွားပြီ ဆိုပါ‌စို့၊ ကိုယ်ပြန်လုပ်တဲ့အခါ အလုပ်သမားက ရှားသွားမယ်လေ။ အဲ့ဒါကြောင့် ဆက်လုပ်နေရတာပါ။”

မွန်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအများဆုံး ဆားထွက်ရှိရာ ဒေသဖြစ်ပြီး နှစ်စဉ် ဆားကွင်းဧကပေါင်း ၄,၅၀၀ ကျော်မှ ဆားတန်ချိန် ၅၀,၀၀၀ ကျော်ထွက်ရှိကာ ဒီဇင်ဘာလမှာ ဆားအသစ် ပုံမှန်ထွက်ရှိ​ပါတယ်။

မွန်ပြည်နယ်အတွင်း နေလှန်းဆားလုပ်ငန်းကို သံဖြူဇရပ်မြို့နယ်ရှိ ပငကျေးရွာ၊ ကရုပ္ပိကျေးရွာ၊ စက်စဲကျေးရွာနဲ့ ကျိုက္ခမီမြို့၊ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာနဲ့ ရေးမြို့နယ် ပလိုင်ကီးကျေးရွာတို့မှာ အဓိကလုပ်ကိုင်ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024