ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့၊ အယ်လ်ဒိုရာဒိုအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂီနီနိုင်ငံကနေလာတဲ့ အစွန့်ပစ်ခံ ကလေး ၂ ယောက်ကို တွေ့ရှိခဲ့ကြောင်း ကိုလံဘီယာအာဏာပိုင်တွေက ဒီဇင်ဘာ ၁၉ ရက်မှာ အသိပေးပြောကြားလိုက်ပြီး ကလေးမိဘတွေကိုလည်း ရှာဖွေနေကြပါတယ်။
လေဆိပ်နိုင်ငံတကာ ထွက်ခွာဧရိယာရှိ ထိုင်ခုံတွေအောက်မှာ ပုန်းကွယ်နေတဲ့ အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အရင်ဆုံးတွေ့ရှိခဲ့ပါတယ်။
အဲဒီကလေးဟာ ဒီဇင်ဘာလ ၇ ရက်က လူကြီး နှစ်ယောက်နဲ့အတူ ရောက်လာခဲ့တာဖြစ်ပြီး နောက် ၂ ရက်အကြာမှာတော့ သူ့ကို စွန့်ပစ်ထားခဲ့ကြတာပါ။
ကလေးမလေးဟာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်ကနေ တဆင့်ရောက်ရှိလာတာဖြစ်ပြီး အယ်လ်ဆာဗေးဒေါကို သွားရောက်မှာဖြစ်ပါတယ်။
အလားတူ အခြေအနေမျိုးကြုံခဲ့ရတဲ့ အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေးတယောက်ကိုလည်း တနင်္လာနေ့က ထပ်မံရှာတွေ့ခဲ့တာပါ။
အဲဒီကောင်ကလေးဟာ ဒီဇင်ဘာ ၇ ရက်မှာ လူကြီး ၂ ဦးနဲ့အတူ အစ္စတန်ဘူလ်ကနေ ရောက်ရှိလာခဲ့ပြီး အယ်လ်ဆာဗေးဒေါနဲ့ အဆက်အသွယ် ရှိပါတယ်။
ဒီဖြစ်ရပ်နှစ်ခုက တူညီမှုတွေ ရှိနေပေမဲ့ ကလေး ၂ ယောက်ကတော့ ဆက်စပ်မှု မရှိကြကြောင်း ကိုလံဘီယာ အာဏာပိုင်တွေက ပြောပါတယ်။
အခုလောလောဆယ်တော့ ဒီကလေး ၂ ယောက်ဟာ ကိုလံဘီယာ မိသားစု လူမှုဖူလုံရေးအဖွဲ့ ICBF ရဲ့ အကာအကွယ်အောက်မှာရှိနေပြီးတော့ သူတို့ရဲ့အခွင့်အရေးတွေ ပြန်ရရှိဖို့နဲ့ သံတမန်နဲ့ ကောင်စစ်ဆိုင်ရာ လိုအပ်တဲ့ လမ်းကြောင်းတွေကနေတဆင့် သူတို့ရဲ့မိသားစုတွေကို ရှာဖွေနေပြီဖြစ်ကြောင်း ICBF လက်ထောက်အကြီးအကဲ အက်ဒရီယာနာ ဗေလာကွက်ဇ် က ပြောပါတယ်။
ကိုလံဘီယာ ရွှေ့ပြောင်းရေးဆိုင်ရာ အရာရှိတွေဟာ ဘရာဇီးရှိ ဂီနီသံရုံးနဲ့ ဆက်သွယ်နေကြပါတယ်။
Source/Photo-Reuters