မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။
မြိုင်မြို့နယ် တွင်းမကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့စစ်ကြောင်းကို မနေ့ညက ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပေပါမိုင်းအကြီးတွေနဲ့ တိုက်ခိုက်ခဲ့သလို နှမ်းဆီကန်ရွာနားမှာလည်း ပေပါမိုင်းအကြီးနဲ့ ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးကာ ၁၀ ယောက်ထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ရှေ့ကိုဆက်မတိုးနိုင်ဘဲ ပြည်သူတွေကို လူသားဒိုင်းအဖြစ် အတင်းအဓမ္မ ဖမ်းဆီးတာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာတွေ ဆက်တိုက်ကျူးလွန်နေပြီး လေကြောင်းပစ်ကူခေါ်ကာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေရဲ့ ရပ်ရွာတွေကို ရမ်းကားပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၁၈ ရက် ညပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။