မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမှိန်ကျေးရွာမှာ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ် ခမရ ၂၄ က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး နော်ဖေတမောမှာ ကျည်ထိဒဏ်ရာနဲ့အတူ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ကလေးမလေးက ကိုယ်ဝန်ကြီးနဲ့ ကျည်ထိပြီး အိမ်မှာဆုံးသွားတာ။ အခု ၃ နှစ်အရွယ် ကလေးတဦး ကျန်ခဲ့တာပေါ့။ သူ့အိမ်မှာပဲ ပွဲချင်းပြီး ဆုံးသွားတာ။”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က သထုံမြို့နယ် ကျုံမှိန်ကျေးရွာနဲ့ ဆူးအင်းကျေးရွာကြားရှိ စစ်ကောင်စီပိုင် Mytel တာဝါတိုင်ကို မွန်သထုံအထူးကာကွယ်ရေးတပ်ဖွဲ့ MTHSF က ဖောက်ခွဲတိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က သထုံမြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ မကြာခဏဆိုသလို ပစ်ခတ်တာတွေကြောင့် ဒေသခံတွေအနေနဲ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးတာတွေအပြင် နေအိမ်ပျက်စီးတာတွေရှိခဲ့ပါတယ်။