မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဒေါင်းကျွန်းရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၀ ရက် ဒီမနက် ၆ နာရီကျော်က စတင်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၁,၅၀၀ ကျော် အရေးပေါ် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စက်လှေ ၃ စီးနဲ့ စတင်ထွက်လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “သူတို့က ဂေါဝန်ဆိပ်ကမ်းကနေ ကနဦး စထွက်ထွက်ချင်းက စက်လှေ ၃ စီးနဲ့ စထွက်တယ်။ ဂေါဝန်ဆိပ်မြောက်ဘက် စစ်ကိုင်းမြို့နဲ့ တည့်တည့်နေရာရောက်တော့ မော်တော်အကြီးနဲ့ ပြောင်းပြီး ဆက်ထွက်တယ်ပေါ့ဗျာ။ အဲလိုနဲ့ ဆန်တက်လာပြီး မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာကို ဝင်ကပ်တယ်။ ဝင်ကပ်ပြီး သုံးဆယ်ပေးရွာက စစ်သားတွေ ထပ်ခေါ်ပြီး ဒေါင်းကျွန်းရွာဘက်ကို ထပ်ထွက်လာပြီး မော်တော်သောင်တင်တာလိုလို ဘာလိုလိုလုပ်ပြီး ဒေါင်းကျွန်းရွာနဲ့ ၂ မိုင်ကွာကွာလောက်မှာ ညမော်တော်ကပ်ပြီး စစ်ကြောင်း ၂ ကြောင်း ခွဲထိုးတယ်။ အဲ စစ်ကြောင်း ၂ ကြောင်း ခွဲထိုးပြီး ကျွဲခြံကုန်းရွာကို ဝင်တယ်ဗျ။ အဲရွာက ဒေသခံတွေလည်း ပြေးရတာပဲ။ ကျွဲခြံကုန်းရွာကနေ လက်နက်ကြီးနဲ့ ဒေါင်းကျွန်းဘက်က တောတဲတွေဆီ ပစ်ခတ်တာတွေ လုပ်နေတယ်ဗျ။ အဲလိုပစ်လို့ နွားတွေ သေဆုံးတာလည်း ရှိတယ်။ တောတဲတွေလည်း မီးရှိုခံရတာလည်း ရှိတယ်” လို့ ပြောပါတယ်။
အခုစစ်ကြာင်းထိုးနေတဲ့ နေရာမှာ ဒေါင်းကျွန်တောင်ရွာ၊ ဒေါင်းကျွန်းမြောက်ရွာ၊ ကျွဲခြံကုန်းရွာ၊ သုံးဆယ်ပေးရွာ စတဲ့ ရွာချင်းဆက်ရက်ရွာတွေဖြစ်ပြီး အဆိုပါဒေသခံအားလုံး ထွက်ပြေးနေကြရတာလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းမှ ဆရာတိုးကြီးက “ကျနော်တို့ မနေ့ည ၂ နာရီလောက်ကတည်းက ဒီကောင်တွေ လှုပ်ရှားမှုကို စောင့်ကြည့်နေတာ။ ဒီဘက်ကို ဘာလို့ စစ်ကြောင်းထိုးလာတာလဲဆိုတော့ သူခိုးပြေးမှ ထိုးကွင်းထနေတာ။ ဟိုအရင် စောေစာပိုင်းရက်က သုံးဆယ်ပေးရွာက ရဲစခန်းကို ကျနော်တို့ ဝင်တိုက်တာတွေ လုပ်ခဲ့တယ်။ အဲလိုလုပ်ဖို့ ဒီရွာတွေကနေ ဖြတ်သွား ဖြတ်လာတွေ လုပ်တာတော့ ရှိတယ်။ အဲဒါကို မကျေနပ်လို့ မဆိုင်တဲ့ ဒေသခံတွေကို ခြိမ်းခြောက်တာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ဒေါင်းကျွန်းတောင်ရွာရဲ့ တောင်ဘက် တောင်ယာလုပ်ကိုင်နေတဲ့ တောတဲတွေကို မီးရှို့တာတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။