မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက် သေဆုံးကာ ၂ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။
ရေစကြိုမြို့နယ် ဇီးတောကျေးရွာကနေ မြိုင်မြို့နယ် လင်းကတောကျေးရွာဘက်ကို ထွက်လာတဲ့ အင်အား ၈၀ လောက်နဲ့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာလ ၁၈ ရက် ည ၁၁ နာရီခွဲလောက်မှာ ပူတွင်းရွာနားက ယူကလစ်ကုန်းမှာ ပေပါမိုင်း တိုက်မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုသုခက ပြောပါတယ်။
“ဒီကောင်တွေက ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ဇီးတောဘက်ကနေ လင်းကတောဘက်ကို စစ်ကြောင်းထိုးလာတာပေါ့။ မြိုင်နဲ့ ရေစကြိုနယ်အစပ်က ပူတွင်းရွာရဲ့ အရှေ့မြောက်ဘက် ယူကလစ်ကုန်းမှာ တိုက်မိုင်းထောင်ထားတာ။ ဒီကောင်တွေက အဲဒီကုန်းကိုတက်သွားတဲ့ ရှေ့ပြေး ၆ ယောက်မိုင်းထိခဲ့တာ။”
မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးပြီး ၂ ယောက် အပြင်းထန်ဒဏ်ရာရရှိကာ ဒဏ်ရာရရှိတဲ့သူတွေကို ဆေးဝါးကုသနေကြတယ်လို့ ဒေသခံက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။