ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီက ဒီဇင်ဘာ ၁၉ ရက်မှာ ရေကြောင်းသွားလာခွင့် နောက်ထပ် ၂ လ ထပ်မံပိတ်ပင်လိုက်လို့ ဒေသခံပြည်သူတွေ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းမှာ ပင်လယ် မြစ်ကြောင်းတလျှောက် နိုဝင်ဘာ ၁၉ ရက်ကနေ ဒီဇင်ဘာ ၁၉ ရက်အထိ နေ့ရောညပါ လက်လှေ၊ ဟွန်ဒါစက်လှေ၊ စက်လှေအကြီး အငယ်တွေနဲ့ သွားလာ၊ ငါးဖမ်း၊ ကမ်းကပ်တာ မပြုလုပ်ဖို့နဲ့ ပင်လယ်ကမ်းခြေတလျှောက် ဆိပ်ကမ်းတွေမှာ ဝိုင်းဖွဲ့စားသောက်၊ သီဆို၊ ခိုက်ရန်ဖြစ်ပွားတာ မလုပ်ဖို့ စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ထားရာကနေ ဒီဇင်ဘာ ၁၉ ရက် နေ့စွဲနဲ့ နောက်ထပ် ၂ လ ထပ်မံတိုးကာ ဖေဖော်ဝါရီ ၁၉ ရက်အထိ ပိတ်ပင်လိုက်ပါတယ်။
ကျောက်ဖြူမြို့ဒေသခံတယောက်က “ကျနော်တို့မြို့နယ်က ပြည်သူတွေဟာ အဓိက ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေရတာဖြစ်ပြီး စစ်ကောင်စီက ငါးဖမ်းမထွက်ရဘူးလို့ အမိန့်ထုတ်လိုက်တော့ လက်လုပ်လက်စားတွေ ဒုက္ခရောက်ကုန်ပြီ” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ရေကြောင်းခရီးသွားလာခွင့်တွေပါ ပိတ်ပင်လိုက်တာကြောင့် ဈေးကုန်တွေ၊ စားနပ်ရိက္ခာတွေ ဝယ်ယူဖို့ အခက်အခဲ ဖြစ်နေကြပြီး ရေရှည်မှာ အခက်အခဲမျိုးစုံ ကြုံတွေ့နိုင်တယ်လို့ ဆိုပါတယ်။
ကျောက်ဖြူမြို့မှာ ဒီဇင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာလည်း နယ်ဘက်ကနေ ဈေးလာရောင်းတဲ့ ပြည်သူ ၁၆ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးကာ သူတို့ရဲ့ ထုတ်ပြန်ချက်ကို မလိုက်နာလို့ဆိုပြီး ဒေသန္တရဥပဒေနဲ့ အရေးယူထားတယ်လို့ ပြောပါတယ်။
ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် ကျောက်ဖြူမြို့မှာ နိုဝင်ဘာ ၁၃ ရက်ကနေ ဒီဇင်ဘာ ၁၉ ရက်အထိ ပြည်သူ ၈၀ နီးပါးလောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တွေ နိုဝင်ဘာ ၁၃ ရက်ကစလို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ကာ ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။