ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယိုးချောင်းတံတားနားမှာ ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီလောက်က စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းနင်းမိပြီး ပြည်သူ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူတွေကတော့ မြေပုံမြို့နယ် ဝက်ရူးကျေးရွာက အသက် ၅၀ အရွယ် ဦးစိုးမောင်နဲ့ အသက် ၄၀ အရွယ် ဦးမောင်မြင့်သန်းတို့ဖြစ်ပါတယ်။
ဦးစိုးမောင်မှာ ဘယ်ခြေထောက်တဖက် ပြတ်ထွက်သွားပြီး ဦးမောင်မြင့်သန်းရဲ့ မျက်နှာမှာ မိုင်းစထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြတယ်လို့ မြေပုံမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ဒဏ်ရာရရှိခဲ့သူတွေအနက် ဦးစိုးမောင်မှာ အသက်အန္တရာယ်စိုးရိမ်ရပြီး ဒဏ်ရာရသူ ၂ ယောက်စလုံးကို ကမ်းထောင်းကြီးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့ ခလရ ၅၅၀ ခြံစည်းရိုးနားမှာလည်း ဒီဇင်ဘာ ၁၉ ရက် ညနေ ၄ နာရီ ၅၄ မိနစ်က စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပြီး မြို့သစ်ရပ်ကွက်က ဦးမောင်သန်းငြိမ်း မွေးမြူထားတဲ့ နွားမတကောင် သေဆုံးခဲ့ကာ အဲဒီနွားမကိုလည်း သွားမယူရဲဘူးလို့ ပုဏ္ဏားကျွန်းမြို့ ဒေသခံတယောက်က ပြောပါတယ်။
မင်းပြားမြို့မှာလည်း ဒီဇင်ဘာ ၁၅ ရက် မနက် ၁၁ နာရီလောက်က ရဲစခန်း အနောက်ဘက်က ကန်ဘောင်ပေါ်မှာ စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီး အမျိုးသားတယောက် ခြေထောက်နှစ်ဖက်လုံး ပြတ်ထွက်သွားကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်က တကျော့ပြန် တိုက်ပွဲတွေ ပြန်စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့ရောညပါ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ၄၀ နီးပါးလောက် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။