တရုတ်နိုင်ငံရဲ့ အဆင်းရဲဆုံးဒေသတခုဖြစ်တဲ့ ဂန်စုပြည်နယ် ကျီးရှိရှန်းမြို့မှာ ပြင်းအား ရစ်ခ်ျတာစကေး ၆ ဒသမ ၂ ရှိတဲ့ ငလျင်ဗဟိုချက်နားမှာ နေသူတွေဟာ ဒီဇင်ဘာ ၁၉ ရက်မှာ အပူချိန် ရေခဲမှတ် သုညဒီဂရီစင်တီဂရိတ်ထိ ကျဆင်းသွားလို့ ရွက်ဖျင်တဲတွေထဲမှာ ခိုလှုံနေကြရပါတယ်။
ငလျင်ကြောင့် ဂန်စုပြည်နယ်မှာ အင်္ဂါနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီအထိ လူ ၁၁၃ ဦး သေဆုံးခဲ့ပြီး ၅၃၆ ဦး ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ချင်းဟိုင်ပြည်နယ်မှာတော့ ညနေ ၄ နာရီ မိနစ် ၅၀ ထိ ရထားတဲ့ အချက်အလက်တွေအရ သေဆုံးသူ စုစုပေါင်း ၁၄ ဦးရှိပြီး ၁၉၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
CCTV သတင်းဌာနက ထုတ်လွှင်တဲ့ ဓာတ်ပုံတွေထဲမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေက မီးဖိုတွေနဲ့ ကြမ်းခင်းမွေ့ယာတွေကို တပ်ဆင်နေကြပြီး အစားအသောက် တန်းစီနေတဲ့ ဒေသခံတွေကို ပြထားပါတယ်။
နေထိုင်သူတွေအတွက် အရေးပေါ် ရွက်ဖျင်တဲပေါင်း ၂,၆၀၀ ကျော် ဆောက်လုပ်ခဲ့တယ်လို့ CCTV သတင်းဌာနက ကြေညာပါတယ်။
ငလျင် သဘာဝဘေးသင့်ဒေသဟာ ရာသီဥတုအေးတဲ့ အမြင့်ပိုင်းဒေသမှာ ရှိနေလို့ ငလျင်လှုပ်ခတ်မှုထက် ကျော်ပြီး ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဘေးအန္တရာယ်တွေကို ကာကွယ်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ အရင်သီတင်းပတ်က ရာသီဥတု ဗြုန်းခနဲ အေးလာလို့ ကျောင်းတွေပိတ်ခဲ့ရပြီး ဒီဇင်ဘာ ၁၈ ရက်မှာမှ ကျောင်းတွေ ပြန်ဖွင့်နိုင်ခဲ့တာပါ။
မြို့တော် ပေကျင်းမှာ တနင်္လာနေ့က အပူချိန်ဟာ သမိုင်းဝင်လုနီးပါး ကျဆင်းခဲ့ပြီး ရေခဲမှတ်အောက် အနုတ် ၁၅ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ကျဆင်းခဲ့ပါတယ်။
အတိုင်ပင်ခံအလုပ် လုပ်နေသူ ပေကျင်းမြို့ခံကတော့ ဒီနှစ်ဆောင်းဟာ မနှစ်ကထက် သေချာပေါက် အများကြီး ပိုအေးတယ်လို့ ပြောပါတယ်။
ရာသီဥတု ရုတ်တရက် အေးလာတာအတွက် အရေးပေါ်တုံ့ပြန်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီဇင်ဘာ ၁၅ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
ရှန်းရှီး၊ ဟော့ဘေး၊ လျောင်နင်း အပါအဝင် တရုတ်နိုင်ငံရဲ့ ဒေသတချို့မှာ အပူချိန်တွေဟာ မှတ်တမ်းတွေ စတင်ကတည်းက အနိမ့်ဆုံးအဆင့်ကို ရောက်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဒီဇင်ဘာ ၁၇ ရက်မှာ ပြောခဲ့ပါတယ်။
Source/Photo-Reuters