ရန်ကုန်၊ ဒလမြို့နယ်ရှိ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းနဲ့ အမှတ် ၂၄ အခြေခံပညာမူလတန်းကျောင်းရှေ့တွေမှာ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက မြို့သိမ်းတိုက်ပွဲအတွက် နှိုးဆော်စာတွေ တွေ့ခဲ့လို့ စစ်တပ်က လုံခြုံရေး တင်းကျပ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ပုဂံလမ်းနဲ့ မြဝတီလမ်းထောင့်ရှိ အမှတ် ၂၄ အခြေခံပညာမူလတန်းကျောင်းရှေ့ ခြံစည်းရိုးတံခါးပေါ်မှာ စာရွက်ကို ချိတ်ဆွဲခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“စစ်တပ်ရော အုပ်ချုပ်ရေးကလူတွေ ရဲတွေရော ရောက်လာမှ စာကပ်သွားတယ်ဆိုတာ သိတာ။ ကျောင်းခြံစည်းရိုးတံခါးမှာ ချိတ်ခဲ့တာ။ စစ်တပ်က ဖတ်ပြီး ယူသွားတာ။ မြို့သိမ်းတိုက်ပွဲအတွက် ပြည်သူတွေ သတိရှိနေဖို့ စာထဲမှာပါတယ်လို့ ပြန်ကြားရတယ်၊ ကျောင်းကနေ။”
အလားတူ ဒလမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်ရှိ အထက ၄ ကျောင်းရှေ့မှာ မြို့သိမ်းတိုက်ပွဲ နှိုးဆော်စာကို ထပ်မံတွေ့လို့ စစ်ကောင်စီတပ်နဲ့ အဖွဲ့အစည်းတွေ သွားရတယ်လို့လည်း သူကပြောပါတယ်။
“ဘယ်သူက လာကပ်သွားလဲမသိဘူး။ မြင်တဲ့သူလည်းမရှိဘူး။ ကျောင်းကနေ ရပ်ကွက်အုပ်ချုပ်ရေးကို အကြောင်းကြား၊ အဲ့ကတဆင့် မြို့နယ်ကိုလှမ်းဆက်တာ။ ဗလာစာရွက်ပေါ်မှာ ဘောပင်နဲ့ရေးထားတာ။ မြို့သိမ်းတိုက်ပွဲအတွက် သတိရှိဖို့ပေါ့။ စာကတော့ များတယ်။ အစအဆုံးတော့ မဖတ်ရဘူး။”
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်က မြို့နယ် ၁၅ မြို့နယ်မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ၃ ဦးသေဆုံးပြီးနောက် ဒလမှာ မြို့သိမ်းတိုက်ပွဲအတွက် သတိပေး နှိုးဆော်စာတွေ ချိတ်ဆွဲလာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီကျော်ကလည်း ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ မင်းရဲကျော်စွာလမ်းဘေးက စစ်ကောင်စီတပ်စွဲထားတဲ့ အောင်ချမ်းသာဘုန်းကြီးကျောင်း အနီးမှာ ဗုံးပေါက်ကွဲခဲ့လို့ စစ်ကောင်စီတပ်က လုံခြုံရေး တိုးမြှင့်ထားပါတယ်။