အိန္ဒိယနိုင်ငံ ပါလီမန်အဆောက်အအုံ တိုက်ခိုက်ခံရမှု ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၃ ရက်က အိန္ဒိယရဲ့ အောက်လွှတ်တော်မှာ လုံခြုံရေးချိုးဖောက်မှုတခု ဖြစ်ပွားခဲ့ပြီးနောက် သံသယရှိသူ ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယတူဒေး သတင်းရုပ်သံဌာနက ကြေညာပါတယ်။
အိန္ဒိယပါလီမန် အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ အွမ် ဘီယာလာက“ကနဦး စုံစမ်းစစ်ဆေးမှုအရ လူ ၂ ဦးကို ဖမ်းဆီးခဲ့ပြီး သူတို့ရဲ့ပိုင်ဆိုင်မှုတွေ အားလုံးကို သိမ်းဆည်းရမိခဲ့ကြောင်းနဲ့ လွှတ်တော်ပြင်ပမှာရှိနေတဲ့ လူ ၂ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း” ပြောပါတယ်။
လွှတ်တော်အမတ်တွေရဲ့ ဧရိယာထဲကို ခုန်ချဝင်ရောက်လာသူဟာ သူ့ရဲ့ဖိနပ်တွေထဲမှာ မီးခိုးဘူးတွေ ဝှက်ထည့်ထားခဲ့တာဖြစ်ပြီး နောက်ပိုင်း မီးခိုးလုံးတွေ ထွက်လာတာကြောင့် လွှတ်တော်အမတ်တွေ အခန်းထဲကနေ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။
မီးခိုးငွေ့တွေနဲ့ပတ်သက်ပြီး စိတ်ပူစရာ မလိုတော့ဘဲ သေချာစုံစမ်း စိစစ်ပြီးချက်တွေအရ ဒါဟာ သာမန်မီးခိုးတွေဖြစ်ပြီး အလန့်တကြားဖြစ်အောင် သက်သက် ဖန်တီးထားတာ ဖြစ်ကြောင်းလည်း အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ အွမ် ဘီယာလာက ပြောပါတယ်။
ပါလီမန်တိုက်ခိုက်ခံရမှု နှစ်ပတ်လည်နေ့မှာမှ အခုလိုဖြစ်ပွားခဲ့တဲ့ဖြစ်လို့ သေချာသတိထားရမယ်လို့ အတိုက်အခံ ကွန်ဂရက်ပါတီမှ လွှတ်တော်အမတ် ကာတစ် ချီဒမ်ဘာရမ်က ပြောပါတယ်။
အဲဒီအချိန်တုန်းက ဝန်ကြီးချုပ် နာရင်ဒြာမိုဒီဟာ အောက်လွှတ်တော်ခန်းမထဲမှာ ရှိမနေပါဘူး။ အခင်းဖြစ်ပြီးနောက် မကြာခင်မှာ အောက်လွှတ်တော်ဟာ လွှတ်တော်လုပ်ငန်းဆောင်တာတွေကို ရပ်နားခဲ့ပေမဲ့ နောက်တနာရီလောက် အကြာမှာတော့ လုပ်ငန်း ပြန်လည်စတင်ခဲ့ပါတယ်။
အခုဖြစ်ရပ်ဟာ မေလတုန်းက မိုဒီ ဖွင့်လှစ်ခဲ့တဲ့ လုံခြုံရေးမြင့်မားတဲ့ ပါလီမန် အဆောက်အအုံထဲမှာ ဖြစ်ပွားခဲ့တာပါ။
၂၀၀၁ ခုနှစ်တုန်းက ဒီလွှတ်တော်ဝင်းထဲက အဆောက်အဦဟောင်းမှာ သေနတ်သမား ၅ ဦး အပါအဝင် လူတဒါဇင်ကျော် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်ရပ်အတွက် နယူးဒေလီက ပါကစ္စတန်အခြေစိုက် စစ်သွေးကြွတွေအပေါ် အပြစ်တင်ထားပါတယ်။
Source/Photo-Reuters