အီဂျစ်သမ္မတ အဗဒယ်လ် ဖာတားအယ်လ်စီစီဟာ ရွေးကောက်ပွဲမဲရလဒ် ၈၉ ဒသမ ၆ ရာခိုင်နှုန်းနဲ့ စိန်ခေါ်မှု ကြီးကြီးမားမား ရင်မဆိုင်ရဘဲ သူ့ရဲ့ တတိယမြောက် ၆ နှစ်သက်တမ်းကို အနိုင်ရသွားပြီဖြစ်ကြောင်း အမျိုးသားရွေးကောက်ပွဲ အာဏာပိုင်အဖွဲ့က ဒီဇင်ဘာ ၁၈ ရက်မှာ ကြေညာခဲ့ပါတယ်။
အီဂျစ်မှာ ဆန္ဒမဲပေးတာကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ၃ ရက်ကြာ ကျင်းပခဲ့ပြီး နိုင်ငံပိုင်မီဒီယာနဲ့ ထိန်းချုပ်မှု တင်းကျပ်ထားတဲ့ ပြည်တွင်းမီဒီယာတွေက မဲလာပေးသူ များပြားအောင် တွန်းအားပေးခဲ့ကြတာကြောင့် မဲလာပေးသူ အရေအတွက် ၆၆ ဒသမ ၈ ရာခိုင်နှုန်းထိ ရောက်ရှိခဲ့ပါတယ်။
ဒါ့ဟာ ၂၀၁၈ ခုနှစ်က နောက်ဆုံးသမ္မတရွေးကောက်ပွဲမှာ မှတ်တမ်းတင်ထားတဲ့ မဲဆန္ဒရှင် ၄၁ ရာခိုင်နှုန်းထက် ကျော်လွန်ခဲ့ကြောင်း ရွေးကောက်ပွဲ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အီဂျစ်နိုင်ငံဟာ နှေးကွေးတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ အီဂျစ်ရဲ့ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲနဲ့ပတ်သက်လို့ အန္တရာယ်ကို စီမံခန့်ခွဲဖို့ ကြိုးစားနေရချိန်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာပါ။
ရွေးကောက်ပွဲမှာ တခြားကိုယ်စားလှယ်လောင်း ၃ ဦး ပါဝင်ခဲ့ပြီး သူတို့ထဲက တဦးတယောက်မှ လူထုအာရုံစိုက်မှုရှိအောင် ဆွဲဆောင်နိုင်သူ မရှိပါဘူး။
အထင်ရှားဆုံး ဖြစ်နိုင်ခြေရှိတဲ့ ကိုယ်စားလှယ်လောင်းတဦးကတော့ သူ့ရဲ့ယှဉ်ပြိုင်မှုကို အောက်တိုဘာလမှာ ထုတ်ထွက်သွားပြီး အစိုးရအရာရှိတွေနဲ့ လူရမ်းကားတွေဟာ သူ့ရဲ့ထောက်ခံသူတွေကို ပစ်မှတ်ထားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီစွပ်စွဲပြောဆိုချက်တွေကို ရွေးကောက်ပွဲ အာဏာပိုင်တွေက ပယ်ချထားပါတယ်။
Source/Photo-Reuters