Home
မြန်မာသတင်း
နွေစပါးစိုက်မည့်လယ်သမားများကို တဧကကို စက်သုံးဆီ ၄ ဂါလန် ရောင်းပေးမည်
DVB
·
December 19, 2023
Rice Field_19122023

နွေစပါးစိုက်ပျိုးမယ့်တောင်သူလယ်သမားတွေအတွက် တဧကကို ဒီဇယ်ဆီ ၄ ဂါလန်နှုန်းစီ ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက ကြေညာထားပါတယ်။

နွေစပါးစိုက်ပျိုးထုတ်လုပ်မယ့်သူတွေ ထွန်ရက်စိုက်ပျိုးနိုင်ဖို့အတွက် စက်သုံးဆီ ဝယ်ယူနိုင်ရေး မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်က ဦးဆောင်ပြီး The Prepetual ကုမ္ပဏီနဲ့ ပူးပေါင်းရောင်းချသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

စက်သုံးဆီဝယ်ယူနိုင်ရေး ဆက်သွယ်ရမယ့် ညောင်တုန်း၊ မော်ကျွန်း၊ ဒါးက​မြို့နယ်တွေက မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း အလုပ်အမှုဆောင်တွေရဲ့ အမည်နဲ့ ဖုန်းနံပါတ်တွေကို ထည့်သွင်းထုတ်ပြန်ထားပြီး တခြား တိုင်းနဲ့ပြည်နယ်တွေက လယ်သမားတွေ ဝယ်ယူလို့ ရ၊ မရ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားတာ မရှိပါဘူး။

အဲဒီအသင်းအလုပ်အမှုဆောင်တဦးက “တခြားနေရာတွေပါမပါ ကျနော်တို့လည်း မသိဘူး။ ရုံးချုပ်ကနေ စက်သုံးဆီဝယ်ချင်တဲ့သူတွေရဲ့စာရင်း ယူခိုင်းထားတာပဲ ရှိသေးတယ်။ ဘယ်တော့ရောင်းမယ်၊ ဘယ်စျေးနဲ့ရောင်းမယ် ဆိုတာလည်း မသိရသေးဘူး” လို့ ပြောပါတယ်။

အဲဒီလို နွေစပါးစိုက်မယ့် လယ်သမားတွေကို ဒီဇယ်ဆီ ရောင်းချပေးမယ့်ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း ရုံးကို ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

လက်ရှိမှာ နိုင်ငံတဝန်း စက်သုံးဆီဝယ်ယူရ ခက်ခဲနေပြီး စိုက်ပျိုးရေးလုပ်ကိုင်နေသူတွေ အနေနဲ့ စက်နဲ့ စပါးရိတ်ဖို့၊ ချွေဖို့နဲ့ နောက်သီးနှံစိုက်ပျိုးဖို့အတွက် လယ်ထွန်မရတဲ့ အခြေအနေတွေ ရင်ဆိုင်နေရတယ်လို့ လယ်သမားတွေက ဆိုပါတယ်။

ပဲခူးတိုင်း၊ ကဝမြို့နယ်မှ လယ်သမားတဦးက “ဆီဝယ်ပေးရင် စက်မောင်းပေးတယ်။ ဆီကမရှိတော့ စက်မောင်းတဲ့သူတွေလည်း ဘာမှလုပ်မရ၊ လယ်သမားတွေလည်း ငုတ်တုတ်ထိုင်နေရတဲ့ အခြေအနေ ဖြစ်နေတာ” လို့ ပြောပါတယ်။

အဲဒီလို စက်သုံးဆီဝယ်ယူရ ခက်တဲ့အပြင် မှောင်ခိုစျေးကလည်း မြင့်တက်နေတာကြောင့် မဖြစ်မနေ လုပ်ရမယ်ဆိုရင် စိုက်ပျိုးစိုက်ထုတ်စရိတ် ကြီးမြင့်မှာကို စိုးရိမ်နေကြတယ်လို့လည်း လယ်သမားတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024