ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ် ခူးတိုက်နယ် ကမ်းဒေးရွာနားမှာ ဒီဇင်ဘာ ၁၈ ရက် ည ၁၀ နာရီ ၃၅ မိနစ်လောက်က ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာရဲ့ အနီးပတ်ဝန်းကျင်တွေကိုတော့ တောင်ကုတ်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ စခက ၅ တပ်မက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အများအပြား သေဆုံးဒဏ်ရာရရှိသူတွေ ရှိနိုင်ပေမဲ့ အတိကျတော့ မသိရသေးဘူးလို့ ပြောပါတယ်။
နှစ်ဘက်တိုက်ပွဲတွေကြောင့် ကမ်းဒေး၊ ချောင်းသုံးခွ၊ သပြို့ကျေးရွာတွေအပါဝင် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာနားတဝိုက်က ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေဟာ ညတွင်းချင်း ထွက်ပြေးကြရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ စစ်ကောင်စီရဲ့ ဗျူဟာကုန်း၊ နယ်ခြားစောင့်စခန်းတွေအပါအဝင် စစ်စခန်းပေါင်း ၁၄၂ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှာလည်း ဒီဇင်ဘာ ၁၈ ရက်နေ့ မနက် ၇ နာရီကစတင်ကာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် (အေအေ) တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည် ကျရောက်တာကြောင့် ရမ်းဗြဲမြို့၊ အမှတ် (၅) ရပ်ကွက် အသက် ၄၆ နှစ်အရွယ် ဦးမောင်စိတ် သေဆုံးခဲ့ပြီး ဒေါ်အေးအေး၊ အမှတ် ၆ ရပ်ကွက်မှ ဦးစိန်ရွှေဦး၊ ကျောက်နီမော် (မူဆလင်ရွာ) မှ ကလေးငယ်တဦးနဲ့ လူလတ်ပိုင်းတဦးတို့ ကျည်ထိဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ဦးမောင်စိတ်က ကျည်ထိပြီးဆုံးသွားတယ်။ ဦးစိန်ရွှေဦးက ပေါင်မှာ ကျည်ဖောက်ထွင်း ဒဏ်ရာပြင်းထန်လို့ ရမ်းဗြဲကနေ စနဲမြို့ဆေးရုံကို အရေးပေါ်ပို့လိုက်ရတယ်။ သေနတ်တွေလည်းပစ်၊ လေယာဥ်နဲ့လည်း ဗုံးတွေကြဲချလို့ အိမ်တွေလည်း မီးလောင်ကုန်ပြီ။"
မနက် ၁၁ နာရီလောက်ကလည်း ရမ်းဗြဲမြို့တမြို့လုံးနဲ့ အနီးအနားရှိ ကျေးရွာတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေအသုံးပြုကာ လက်နက်ကြီးပစ်ခတ်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်တွေ မီးလောင်ခဲ့ကြောင်း သိရပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့ ရမ်းဗြဲမြို့နယ်ထဲက မြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို ဂျက်တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေအပါအဝင် ရေတပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင့် ဒေသခံတချို့ မြို့ထဲမှာပိတ်မိနေပြီး မြို့လယ်က ဓမ္မာရုံမှာလည်း ဒေသခံ ၁၀၀ လောက်ပိတ်မိနေကြောင်း သိရပါတယ်။