ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဒီဇင်ဘာ ၁၈ နေ့လယ်ပိုင်းက စစ်တပ်၊ ပြည်သူ့စစ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ရွှေမင်းပြည်သူ့စစ် အင်အား ၁၀၀ ခန့် စစ်ကြောင်းထိုးလာချိန် ရွှေညောင်ပင် အမှတ် ၄ ရပ်ကွက်မှာ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အထိအခိုက်တော့ တိတိကျကျ မသိရဘူး။ စစ်တပ်ဘက်က ကားတစီး မီးလောင်သွားတယ်။ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်နေလို့ ရွာက သူတွေလည်း ရှောင်နေရတယ်။"
စစ်ကြောင်း တိုက်ခိုက်ခံရပြီး ရွှေညောင်ပင် ကျေးရွာအခြေစိုက် ခလရ ၃၂၁ က လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေဟာ မြစ်ကြီးနား ဝိုင်းမော်မြို့နဲ့ ဘေးလွတ်ရာနေရာတွေကို တိမ်းရှာင်နေကြရပါတယ်။
ဒေသခံအမျိုးသားတဦးက "ရွာထဲက သူတွေလည်း မနေရဲတော့ မြစ်ကြီးနား ဝိုင်းမော်နဲ့ ဘေးလွတ်ရာတွေကို ရှောင်နေကြတယ်။ အောင်မြေ ၁ ကျေးရွာက ဘုရားကျောင်းမှာတင် စစ်ဘေးရှောင် ၃၀၀ လောက်ရောက်နေတယ်" လို့ ပြောပါတယ်။
ရွှေညောင်ပင်ကျေးရွာအုပ်စုဟာ အိမ်ထောင်စု ၅၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ကျော်ရှိကာ ဒေသခံ အတော်များများဟာ ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာလည်း ဒီဇင်ဘာ ၁၈ ရက် ညနေမှာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မိုးစိမ်းရွာ ကလေးငယ် တဦးနဲ့ မိုင်းကာရွာက အမျိုးသမီးတဦး သေဆုံးပြီး လေးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသားတဦးက "ညနေ ၅ နာရီခွဲလောက်က စပြီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ မိုးစိမ်းကျေးရွာက ကလေးတဦး လက်နှက်ကြီးကျည်မှန်ပြီး သေတယ်။ မိုင်းကာကျေးရွာက အမျိုးသမီးတဦးလည်း သေတယ်။ နောက်ပြီး အမျိုးသားနှစ်ဦးရယ် အမျိုးသမီး နှစ်ဦးရယ် လက်နက်ကြီးကျည်မှန်လို့ ဒဏ်ရာရထားတယ်" လို့ ပြောပါတယ်။
အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ဗျူဟာကုန်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် မိုင်းကာကျေးရွာက အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ဒဏ်ရာရှိခဲ့တဲ့အတွက် ဆေးကုသမှု ခံယူနေကြရပါတယ်။