ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မနက် အစောပိုင်းက ခရီးသည်တင် Express ယာဉ်တစီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ပေပင်လေး အမြန်လမ်း မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မနက် ၅ နာရီ ၅၀ မိနစ်ဝန်းကျင်လောက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄၆/၃ နဲ့ ၂၄၆/၄ ကြားမှာ ခရီးသည်တင် Express ယာဉ်တစီး မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အမြန်လမ်းမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက “ဟုတ်ပါတယ် မနက်အစောပိုင်း လောင်တာပါ။ တနာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရပါတယ်။ ခရီးသည်တွေ အကုန်လွတ်ပါတယ်” လို့ ပြောပါတယ်။
Express ယာဉ် မီးလောင်မှုကို ပေပင်လေး အမြန်လမ်း မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးနဲ့ ငြှိမ်းသတ်ခဲ့ရပြီး မနက် ၆ နာရီ ၅၀ မိနစ်မှာ မီးငြိမ်းသွားပြီး ခရီးသည်တွေ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ သိရပါတယ်။
ဒီဇင်ဘာ ၁၈ ရက် မနေ့ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၂၉/၇ အနီးမှာ ၁၀ ဘီးပါ ဘောက်စ်ကားတစီး ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းက ထန်းပင်တွေကို ဝင်တိုက်မိကာ မီးလောင်မှုဖြစ်ပွားခဲ့သေးတယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။