ပင်လယ်နက်နိုင်ငံတွေဖြစ်တဲ့ တူရကီ၊ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယားတို့ဟာ ယူကရိန်းစစ်ပွဲ ရလဒ်ကြောင့် ပင်လယ်နက်ထဲ မျောပါနေတဲ့ မိုင်းတွေ ရှင်းလင်းရေး ပူးတွဲအစီအစဉ်ကို ဇန်နဝါရီလမှာ လက်မှတ်ရေးထိုးဖို့ စီစဉ်နေကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ယာဆာဂူလာက ဒီဇင်ဘာ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
လောလောဆယ်မှာ တူရကီ၊ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယားတို့သာ ပါဝင်မှာဖြစ်ပြီး သူတို့ရဲ့ ကာကွယ်ရေးဝန်ကြီးတွေဟာ ဇန်နဝါရီ ၁၁ ရက်မှာ အစ္စတန်ဘူလ်မှာ လက်မှတ်ရေးထိုးပွဲကျင်းပဖို့ စီစဉ်ထားတယ်လို့ တူရကီကာကွယ်ရေးဝန်ကြီး ယာဆာဂူလာက အန်ကာရာမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒီမိုင်းရှင်းလင်းရေးကိစ္စကို နေတိုးမဟာမိတ်တွေအကြား လပေါင်းများစွာ ဆွေးနွေးထားတာလည်း ဖြစ်ပါတယ်။
ယူကရိန်းနဲ့ ရုရှား ဆိပ်ကမ်းတွေမှာ ချထားတဲ့ မိုင်းတွေဟာ တခါတလေ လွတ်ထွက်သွားပြီးတော့ ရေစီးကြောင်းကြောင့် တူရကီရဲ့ ရေလက်ကြားကိုတောင် ရောက်ရှိလာတယ်လို့ ဆိုပါတယ်။
တူရကီရဲ့ မိုင်းရှင်းလင်းရေးသင်္ဘောတွေဟာ ရိုမေးနီးယားရဲ့ ပင်လယ်နယ်နိမိတ် အဆုံးသတ်တဲ့ နေရာအထိ အဆက်မပြတ် ကင်းလှည့်နေမှာဖြစ်ကြောင်းလည်း တူရကီ ကာကွယ်ရေးဝန်ကြီးက ပြောသွားပါတယ်။
တူရကီ၊ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယားတို့ဟာ ဂျော်ဂျီယာ၊ ပိုလန်နဲ့ ယူကရိန်းတို့မှ တာဝန်ရှိသူတွေနဲ့ ၂၀၂၂ ခုနှစ် ဧပြီလမှာ တွေ့ဆုံခဲ့ပြီး ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့အပြီးမှာ မိုင်းရှင်းလင်းရေးကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီ ၃ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးတွေဟာ အောက်တိုဘာလတုန်းက ဘရပ်ဆဲလ်မြို့နဲ့ ပြီးခဲ့တဲ့လ က အန်ကာရာမှာ ပြုလုပ်ခဲ့တဲ့ နေတိုးအစည်းအဝေးမှာ အဲဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ ကြပြီးတော့ သူတို့ အစပျိုးထားမှုကို အပြီးသတ်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။
Source/Photo - Reuters