ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့က စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချကွပ်ကဲနေတဲ့ တပ်စခန်းအားလုံးကို အလုံးစုံဝင်ရောက်ရှင်းလင်းချေမှုန်းသိမ်းပိုက်ပြီး မူလပိုင်ရှင် တအာင်းပြည်သူတို့ လက်ဝယ်ကို ပြန်လည်အပ်နှံပေးနိုင်ခဲ့ပြီလို့ တအာင်းတပ်မတော် (PSLF/TNLA) က ဒီနေ့ညမှာ ထုတ်ပြန်ပါတယ်။
နမ့်ဆန်တပ်စခန်းတွေကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၁၀ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး ၆ ရက်ကြာ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲမှာ စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ကောင်စီပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်း အပါအဝင် ဌာနဆိုင်ရာရုံးတွေ အလုံးစုံကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
နမ့်ဆန်တပ်စခန်းကို တိုက်ခိုက်နေတုန်းမှာ စစ်ကောင်စီ မန်တုံ ခလရ-၁၃၀ တပ်က လက်နက်ကြီးနဲ့ အကြိမ်းပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သလို လေကြောင်းကနေလည်း အကြိမ် ၃၀ ကျော် လာရောက် တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီဆီကနေ ဟောင်ဝစ်ဇာ အမြောက် ၄ စင်း၊ လက်နက်ခဲယမ်းမျိုးစုံ အမြောက်အများနဲ့ ရန်သူအလောင်း ၆၀ ကျော်၊ စစ်သုံ့ပန်း စစ်ကောင်စီတပ်သား အယောက် ၃၀၊ မိသားစုဝင် ၃ ယောက်၊ ရဲ ၆ ယောက်၊ ရဲမိသားစုဝင် ၂၅ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဆိုပါတယ်။
နမ့်ဆန်မြို့နယ်ဟာ တအာင်းစော်ဘွားအဆက်ဆက် နောက်ဆုံး စော်ဘွား စဝ်ခွန်ပန်းစိန်က ၁၉၅၉ ခုနှစ် မတ် ၂ ရက် အာဏာသိမ်းခံရတဲ့အထိ ကိုယ်ပိုင်အုပ်ချုပ်လာခဲ့တဲ့ နန်းစိုက်ရာမြို့တမြို့ဖြစ်ပြီး ၆၄ နှစ်အကြာ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ ၂၇၁၅ ခုနှစ်၊ တအာင်းနှစ်သစ်မှာ မူလပိုင်ရှင် တအာင်းပြည်သူတို့ လက်ဝယ်ဆီကို ပြန်လည်အပ်နှံ ပေးနိုင်ခဲ့ပြီလို့လည်း TNLA က ဆိုပါတယ်။