ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒေသခံ ၂ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မြောက်ဦးမြို့ ရဲတပ်ရင်း ၃၁ က ထွက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်ကို ဒီဇင်ဘာ ၁၇ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ရက္ခိုင့်တပ်တော်က သကျမာရ်အောင်တောင်တန်းနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူရှိနိုင်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ သူတွေကတော့ မြောက်ဦးမြို့နယ် လောင်းကြက်ကျေးရွာက ကျန်းမာရေးဝန်ထမ်း ဦးကျော်လှိုင်နဲ့ မြောက်ဦးမြို့ အလယ်စျေးရပ်ကွက်က ကိုဇော်မြင့်တို့ဖြစ်ပြီး သူတို့ကို ခလရ ၅၄၀ တပ်ရင်းထဲကို ဖမ်းသွားတယ်လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ခလရ ၅၄၀ ကနေ ရပ်ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့နားမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွှဲပိုင်းမှာလည်း ရက္ခိုင့်တပ်တော်အေအေနဲ့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီး ပစ်ကူအပြင် လေကြောင်းကပါ တိုက်ခိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်အေအေနဲ့ နီးစပ်သူတွေဆီ သိရပါတယ်။
စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ အလုံမြို့နယ်၊ ကြီးဗဒုံရွာကို စစ်တပ်က ဒီဇင်ဘာ ၁၆ ရက် ည ၉ နာရီလောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာသား ၁ ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး လူနေအိမ် တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြီးဗဒုံရွာသားတဦးက “ပစ်တာက ၉ လုံးလောက် ပစ်တယ်။ ရွာထဲ ၄ လုံး ကျတယ်။ ကနဦး တလုံးကျပြီး ရွာထဲကလူတွေ အကုန်ထွက် ပြေးတယ်။ အမျိုးသားတဦးပဲ ထိခဲ့တယ်။ ကျန်တာကတော့ အိမ်တလုံး မီးလောင်ပြီး ကျန်တဲ့အိမ်တွေတော့ ပျက်စီးခဲ့တယ်”လို့ ပြောပါတယ်။
ဒီဇင်ဘာလအတွင်း စစ်ကောင်စီက ကျောက်စစ်ပုံအမြှောက်တပ်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်တာကြောင့် ဘုတလင်မြို့နယ် ဇီးတောအနောက်ရွာက အမျိုးသမီး ၁ ဦး သေဆုံးပြီး အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကာ အိမ်မွေးတိရစ္ဆာန်တွေလည်း သေဆုံးထိခိုက်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။