ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးနဲ့ ဒရုန်းမုဆိုးများ မိုဘိုင်းအုပ်စုတို့ဟာ ဒီဇင်ဘာ ၁၆ ရက် က နိုင်ငံတဝန်းရှိ ဒေသ ၁၁ ခုမှာ ရုရှား မောင်းသူမဲ့လေယာဉ် ဒရုန်း ၃၁ စင်းထဲက အခု ၃၀ ကို ပစ်ချခဲ့ကြောင်း လေတပ်က ပြောကြားခဲ့ပါတယ်။
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရုရှား ဒရုန်းတွေနဲ့ ထိတွေ့မှုတွေ ရှိခဲ့တာကြောင့် ယူကရိန်းမြို့တော် ကိယက်ဗ်တလျှောက် ပေါက်ကွဲမှုတွေ ဆက်တိုက် ပေါ်ပေါက်လာခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အသေအပျောက် မရှိသလို ကြီးကြီးမားမား ထိခိုက်မှုမရှိကြောင်း ကိယက်ဗ်မြို့ရဲ့ စစ်အုပ်ချုပ်ရေး အကြီးအကဲ ဆာဟီး ပေါ့ပ်ကိုက ပြောပါတယ်။
ရုရှားဒရုန်းအုပ်စုတွေဟာ မြို့ပြင်နေရာတွေကနေ ဖြတ်ကျော်ပျံသန်းလာပြီး မြို့လယ်နဲ့နီးတဲ့ နေရာတွေကို ပစ်မှတ်ထားလာတာကြောင့် လေယာဉ်ဖျက်တပ်ဖွဲ့တွေကလည်း လှုပ်ရှားခဲ့ရကြောင်း ကိယဗ်မြို့တော်ဝန် ဗစ်တာလီ ကလစ်ရှ်ကိုက ပြောပါတယ်။
ရိုက်တာ မျက်မြင်သက်သေတွေကတော့ ညသန်းခေါင်ကျော်မှ ကျယ်လောင်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ကိယက်ဗ်မြို့လယ်ခရိုင်တွေအနီးက ဧရိယာတွေမှာလည်း နောက်ထပ် ၄၅ မိနစ်လောက်ကို ဆက်တိုက် ပေါက်ကွဲမှုအသစ်တွေ ဖြစ်ပွားခဲ့ပါတယ်။
ယူကရိန်းဒေသအများအပြားမှာ ညလုံးပေါက် လေကြောင်းသတိပေးချက်က အချိန် ၅ နာရီလောက် ကြာမြင့်ခဲ့ပါတယ်။
ယူကရိန်းမြို့ကြီးတွေနဲ့ ဒေသတွေကို ရုရှားဒရုန်း တိုက်ခိုက်မှုတွေက မကြာခဏ ဆိုသလို တိုးမြင့်ဖြစ်ပွားလာပါတယ်။
ရုရှားဟာ အအေးပြင်းထန်တဲ့ ဆောင်းလရာသီတွေ မတိုင်ခင်နဲ့ ဆောင်းရာသီအတွင်း ယူကရိန်းရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားနေတာလို့ ယူကရိန်းအရာရှိ တွေက ပြောပါတယ်။
မော်စကိုကတော့ ယူကရိန်းရဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားခြင်းကို ငြင်းဆိုထားပါတယ်။
Source/Photo - Reuters